၂၄ ဩဂုတ် ၂၀၂၅
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)ရဲ့ ဒုတိယစစ်ဦးစီးချုပ် လုံခြုံရေးတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယဗိုလ်မှူးကြီး စောစလုံးအား (DKBA) အဖွဲ့အစည်းကနေအပြီးအပိုင် ထုတ်ပယ်လိုက်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ဒုတိယဗိုလ်မှူးကြီး စောစလုံးဟာ အဖွဲ့အစည်းက ချမှတ်ထားတဲ့စစ်စည်းကမ်း ပုဒ်မ(၂)အရ အထက်ကပေးအပ်တဲ့တာ ဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ဖို့ပျက်ကွက်တာ၊ ပုဒ်မ (၁၃) နဲ့ (၁၄) အရ ပေးအပ်ထားတဲ့ တာဝန်ထက်ကျော်လွန် လုပ်ဆောင်တာ၊ ဆင့်ကဲတင်ပြဖို့ ပျက် ကွက်တာစတဲ့ စစ်စည်းကမ်းတွေကို
လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့အတွက် DKBA အဖွဲ့အစည်းကနေအပြီးအပိုင် ထုတ်ပယ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒုတိယဗိုလ်မှူးကြီး စောစလုံးဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) ဆီမှာ အင်အား၂၀၀ခန့်နဲ့ သွား ရောက်ပူးပေါင်းပြီး စည်းကမ်းဖောက် ဖျက်တာကြောင့် ရာထူးကနေ ရပ်ဆိုင်းခံလိုက်ရပြီး စောနယ်ဒါးမြဦးဆောင်တဲ့ကော်သူးလေအာမီ (KTLA) မှာ အထူးကွန်မန်ဒိုတပ်ရင်းမှူးအနေနဲ့တာဝန်ထမ်းဆောင်စဉ် တပ်တွင်းအမှားတချို့ထပ်မံကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် မိခင်တပ်ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ဆီကို ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် အခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့မှာ (DKBA) ကအပြီးအပိုင် ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။
စောစလုံးဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းမီ (DKBA) စစ်ကြောင်းမှူး၊ ၂၀၂၂ ခုနှစ်(KNDO)ရဲ့ကွန်မန်ဒိုတပ်ရင်း မှူး၊ ၂၀၂၄ ခုနှစ်မှာ ကော်သူးလေအာမီ (KTLA) ရဲ့ အထူးကွန်မန်ဒိုတပ်ရင်းမှူး၊ ၂၀၂၅ ခုနှစ် (DKBA) ရဲ့ဒုတိယဗိုလ်မှူး ကြီးအဆင့် ရာထူးတာဝန်တွေကို ရယူထားတာဖြစ်ပါတယ်။
ဓာတ်ပုံ-DKBA


