Homeပြည်တွင်းသတင်းစီးတီးမတ်၊ စိန်ဂေဟာ၊ One Stop Mart နဲ့ Aeon Orange က CEO နဲ့ ဒါရိုက်တာတွေကို...

စီးတီးမတ်၊ စိန်ဂေဟာ၊ One Stop Mart နဲ့ Aeon Orange က CEO နဲ့ ဒါရိုက်တာတွေကို စစ်ကောင်စီ ဖမ်းဆီး

၁ ဇူလိုင်၊၂၀၂၄

ဆန်ဈေးတက်အောင် ရောင်းချနေသူတွေကို ၂၀၁၂ အရေးကြီးကုန်စည်နဲ့ ဥပဒေပုဒ်မ -၅ အရ အရေးယူမယ့်စာရင်းကို စစ်ကောင်စီက ဇွန်လ ၃၀ ဒီနေ့ည သတင်းမှာ ကြေညာလိုက်ပြီး ဒီစာရင်းမှာ ဆန်လုပ်ငန်းရှင် ၇ ဦးအပြင် စီးတီးမတ်၊ စိန်ဂေဟာ၊ One Stop Mart နဲ့ Aero Orange Mart တို့က CEO MD နဲ့ Director များ ပါဝင်နေတာကို တွေ့ရပါတယ်။

ပြည်တွင်းမှာ စီးပွားရေး တည်ငြိမ်အောင် အဘက်ဘက်က ကြိုးပမ်းနေပေမယ့် တချို့ကုန်သည်များဟာ သတ်မှတ်ထားတဲ့ဆန်ဈေးထက် ပိုတင်ပြီး ရောင်းချနေတဲ့ အတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးများနဲ့ ပြည်နယ်များက ဆန်ဂိုထောင် ၁၀၂လုံး ၊ ဆန်စက် ၂၅ ခု ၊ ဆိုင်ခန်း ၇ခုတို့က ဆန်လုပ်ငန်းရှင် ၅၈ဦးကို သတ်မှတ်ဈေးနှုန်းထက်ပိုပြီးရောင်းချမှုရှိမရှိကို လုံခြုံရေးအဖွဲ့အစည်းတွေက ဖော်ထုတ်စစ်ဆေးခဲ့ပြီး ၁၀ ရာခိုင်နှုန်းအထိ တင်ရောင်းသူ ၂၇ ဦး ၊ ၃၀ ရာခိုင်နှုန်းအထိ တင်ရောင်းသူ ၂၄ ဦး ၊ ၃၀ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ တင်ရောင်းသူ ၇ ဦး ရှိနေတာကိုတွေ့ရှိရပြီး ဒီ ၇ ဦးကို ဖမ်းဆီးအရေးယူသွားမယ်လို့ စစ်ကောင်စီက ဒီနေ့ည သတင်းမှာ ကြေညာသွားတာပါ ။

ဒါ့အပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တစ်လချင်းရောင်းချရန် ဈေးနှုန်း သတ်မှတ်ပေးထားပေမယ့် သူတို့ရဲ့ ဝန်ထမ်းစရိတ် ၊ အရောင်းမြှင့်တင်ရေးစရိတ်တွေပါ ထည့်သွင်းတွက်ချက်ပြီး ဆန်ကို ၅၁ ရာခိုင်နှုန်းအထိ တိုးမြှင့်ရောင်းချခဲ့တဲ့ စူပါမားကတ် ဈေးဝယ်စင်တာတွေရဲ့ တာဝန်ရှိသူတွေကိုပါ ဖမ်းဆီးအရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန် ကြေညာလိုက်ပါတယ်။

စစ်ကောင်စီက အရေးကြီးကုန်စည် ဥပဒေပုဒ်မနဲ့ ဖမ်းဆီးအရေးယူမယ့် စာရင်းမှာ City Mart Holding Company က CEO ဦးဖြိုးမင်းကျော် ၊ စိန်ဂေဟာက Managing Director ဦးမောင်မောင်ဝင်း ၊ One Stop Mart က Director ဦးမျိုးသန့် နဲ့ Aeon Orange Mart တို့က Director Mr. Karamatsu Hiroshi တို့လည်းပါဝင်နေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရဲ့ ၂၀၂၄ ခုနှစ် ဇွန်လ အတွက် သတ်မှတ်ဈေးတွေက ၂၄ ပြည် ဆန်တစ်အိတ်ကို ဧည့်မထဆန်အုပ်စု ၇၀၀၀၀၊ ၇၂၀၀၀၊ ၇၅၀၀၀၊ ဧရာဝတီပေါ်ဆန်း ၁၁၀၀၀၀၊ တခြားပေါ်ဆန်း ၁၀၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း ၁၃၅၀၀၀ သာ သတ်မှတ်ထားပြီး အပြင်ပေါက်ဈေးနဲ့ တအားကွာဟနေပါတယ်။

မန္တလေးက ဆန်လုပ်ငန်းရှင်တစ်ဦးက ” အသင်းချုပ်တွေက ထုတ်ပြန်တဲ့ဈေးဆိုတာ သူတို့ပဲ ထုတ်တာ ။ ဘယ်သူကမှ ဒီဈေးနဲ့မရောင်းဘူး။ ရွှေ၊ ဒေါ်လာ ၊ ဆန် ပြီးရင် ဆီ၊ စက်သုံးဆီ ဘာလာမလဲမသိဘူး ။ အသားဈေးတက်ရင် အသားပေါ်ရောင်းသူတွေကို ဖမ်းမလား ၊ အသီးအရွက်ဈေးတက်ရင် စိုက်ပျိုးသူတွေကို ဖမ်းမလား ။ ဖမ်းရုံနဲ့တော့ ဘာမှ ထူးမလာနိုင်ဘူး ။ ဖမ်းလဲ ခနပဲ ဈေးပြန်ကျမှာ” လို့ New Day Myanmar ကို ပြောပါတယ်။

ဆက်စပ် သတင်းများ

Most read