၁၄ ဇူလိုင်၊ ၂၀၂၄
ပုဂ္ဂလိကဘဏ်တွေမှာ ငွေကိုအကန့်အသတ်နဲ့ထုတ်ခွင့်ပေးတဲ့နောက်ပိုင်း စားသောက်ဆိုင်တွေအပါအဝင် Supermarket တချို့နဲ့ Mini Mart တွေမှာ Online Banking စနစ်နဲ့ Digital Wallet စနစ်တွေအသုံးပြုပြီး ငွေပေးချေမှုကိုလက်မခံတော့ဘူးလို့ သိရပါတယ်။
ယခုဇူလိုင်လဆန်းကစပြီး ဘဏ်မှာအပ်ထားတဲ့ငွေတွေကိုထုတ်ယူမှုများပြားလာတဲ့အတွက် ဘဏ်တွေဟာ လက်ရှိမှာ တစ်ပတ်ကို ၅ သိန်း ၊ ၁၀ သိန်း စတဲ့အကန့်အသတ်တွေနဲ့သာ ထုတ်ပေးနိုင်တော့တာ ဖြစ်ပါတယ်။
“ဘဏ်တွေက ပိုက်ဆံမထုတ်ပေးတော့ ဆိုင်တွေကလည်း ငွေသားမဟုတ်ရင် မယူတော့ဘူး။ kpay နဲ့ ဝယ်လို့ရတာကတော့ Capital မှာ ဝယ်လို့ရတယ်။ သာကေတ Capital မှာ ဝယ်လို့ရတယ်။ G&G မှာလည်း ဝယ်လို့ရသေးတယ်။ တော်ရုံမီးဖိုချောင်သုံး အိမ်သုံးဆို အဲဒီမှာပဲ ဝယ်ဖြစ်တယ်” လို့ အိမ်ရှင်မတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ဒါ့အပြင် အွန်လိုင်းငွေပေးချေစနစ်ကို စားသောက်ဆိုင်ပြီးတွေမှာသာ လက်ခံပေမဲ့ ဆိုင်အသေးတွေမှာတော့ လက်မခံတော့ဘူးလို့ ပြည်သူတွေထံက သိရပါတယ်။
“ကျွန်မတို့က ရပ်ကွက်ထဲဆိုင်ဖွင့်ထားတာဆိုတော့ kpay ထုတ်ရခက်ချိန်မှာ ဆက်ပြီးလက်မခံဖြစ်တော့ပါဘူး ။ သူများတွေလို ရာခိုင်နှုန်းပိုယူတာလဲ မလုပ်ချင်ဘူး ။ ကိုယ်ကျ အသီးအရွက်သားငါးတွေကို ပြန်ဝယ်ရတဲ့အခါ ကေပေးနဲ့ပေးလို့မရဘဲ ငွေသားပဲ ရှင်းခဲ့ရတာမို့ လက်မခံတာပါ”လို့ အကင်ဆိုင်ဖွင့်ထားသူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။
သို့ပေမဲ့ ဘဏ်တွေမှာ ငွေကြေးထုတ်ယူမှုပမာဏကို ကန့်သတ်ချက်မထုတ်ထားဘဲ မိမိတို့ အပ်နှံထားတဲ့ငွေကို အချိန်မရွေးထုတ်လို့ရတယ်လို့ စစ်ကောင်စီထိန်းချုပ်ခံဗဟိုဘဏ်က ဇူလိုင်လ ၁၁ ရက်နေ့မှာထုတ်ပြန်ကြေညာထားပါတယ်။