Homeပြည်တွင်းသတင်းစဉ့်ကူးမြို့က ဘဏ်၊ ဈေးဆိုင်နဲ့ လူနေအိမ်တွေကို တိုက်ပွဲမဖြစ်ခင်ထဲက စစ်ကောင်စီ ဖောက်ထွင်းလုယူ ထားတယ်လို့ ဒေသခံတွေ ပြော

စဉ့်ကူးမြို့က ဘဏ်၊ ဈေးဆိုင်နဲ့ လူနေအိမ်တွေကို တိုက်ပွဲမဖြစ်ခင်ထဲက စစ်ကောင်စီ ဖောက်ထွင်းလုယူ ထားတယ်လို့ ဒေသခံတွေ ပြော

၁၆ ဇူလိုင်၊ ၂၀၂၄

စဉ့်ကူးမြို့က ဘဏ်၊ ဈေးဆိုင်နဲ့ လူနေအိမ်တွေကို တိုက်ပွဲမဖြစ်ပွားခင်ထဲက စစ်ကောင်စီက ဖောက်ထွင်းလု ယူထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။

စဉ့်ကူးမြို့မှာ CB ဘဏ်နဲ့ အစိုးရရဲ့ စီးပွားရေးဘဏ် ၂ ခုသာ ရှိပြီး CB ဘဏ်ကို စစ်ကောင်စီနဲ့ ပျူစောထီး အဖွဲ့ဝင်တွေက ဖောက်ထွင်းပြီး ဘဏ်ထဲက ပစ္စည်းတွေကို သယ်ထုတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဘဏ်ဖောက်ထွင်းတာကို မြင်သွားတဲ့ မျက်မြင်သက်သေကိုလည်း စစ်တပ်က ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“ဘဏ်ဖောက်ထွင်းချိန် ကြည့်မိတဲ့သူကို သေနတ်နဲ့ပစ်တာ ဗိုက်ပေါက်သွားတယ်”လို့ ကင်းထောက် မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရသူက ဦးထွန်းမင်း (ခ)ဦးထုတ်ကြီးဖြစ်ပြီး အသက် ၆၀ အရွယ်ရှိပြီလို့ ဆိုပါတယ်။

စဉ့်ကူးမြို့ခံတွေကို တော်လှန်ရေးတပ်တွေက ဇူလိုင် ၈ ရက်မှာ စစ်ဘေးလွတ်ရာကို ရှောင်ဖို့ ပြောပေမယ့် စစ်ကောင်စီက မြို့ထဲက အထွက်မခံဘဲ လူသားဒိုင်းအကာအကွယ် ယူထားပြီး တပ်စွဲထားတာ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၀ ရက်မှာထဲက စစ်ကောင်စီ တပ်တွေဟာ CB ဘဏ်ကို ဖောက်ထွင်းတာ ၊ ဈေးဆိုင် ၁၀ ဆိုင် ဝန်းကျင်ကို ဖောက်ထွင်းတာ ၊ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက် ယူငင်တာ ၊ လူရှိနေရင် ရိုက်နှက်လုယက်တာတွေ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘုန်းကြီးကျောင်းကိုရောက်နေတဲ့ စစ်ရှောင်ပြည်သူတွေဆီကလည်း ရွှေ၊ ငွေ၊ ဖုန်းတွေကို လုယက်ခဲ့တယ်လို့ သိရပါတယ်။

လုယက်လို့ရတဲ့ ပစ္စည်းတွေကို ရေကြောင်းကသယ်ထုတ်သွားတာ ဖြစ်နိုင်ပြီး စဉ့်ကူးအနီးပတ်ဝန်းကျင်က ကျောက်မြောင်းမြို့၊ မခေါက်ရွာ ၊ ဆယ်ပင်ကျွန်းရွာတို့ဟာပျူရွာတွေ ဖြစ်တယ်လို့သိရပါတယ်။

နှစ်ပတ်အတွင်း စဥ့်ကူး၊ မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်များတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းရန်နဲ့ မြေပြင်က လက်နက်ကြီးရန်တို့ကြောင့် ကလေးတွေအပါအဝင် ၁၂ ဦးထိ သေဆုံးခဲ့ပြီး အများအပြားဒဏ် ရာ ရထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်းနဲ့ လက်နက်ချ အလင်းဝင်သူ စုစုပေါင်း ၁၅၀ ဝန်းကျင်ထိ ရှိနေပြီး စစ်ကောင်စီ တပ်စခန်း ၃၇ ခုကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားနိုင်တယ်လို့ ကြေညာထားပါတယ်။

ဆက်စပ် သတင်းများ

Most read