ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့် ကို နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြောင်းရွေ့စေခဲ့ပြီးနောက် ဒီနေ့ ဇန်နဝါရီ ၆ ရက်မှာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ပြောင်းလဲ ခန့်အပ်လိုက်တယ်လို့ သတင်းတွေအရ သိရပါတယ်။
သူ့ကို နိုဝင်ဘာ ၂၅ ရက်က တာဝန်ကနေ အနားပေးလိုက်ပြီး သူ့ရဲ့နေရာကို လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး တယောက်က တာဝန်ယူခဲ့တာဖြစ်ပေမယ့် အခုတော့ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံမတ်ကြီးအဖြစ်ခန့်အပ်ခံရတာဖြစ်ပါတယ်။
“ဒါက အရေးကြီးတဲ့ နေရာတခုပါပဲ။ စစ်တပ်က တရုတ်ကို သေသေချာချာ ဆက်ဆံနေရချိန်မှာ သံအမတ်ကြီးဆိုတာ အရေးပါမှုတခုဖြစ်ပါတယ်။”လို့ နေပြည်တော်နဲ့ နီးစပ်သူက New Day Myanmar ကိုပြောပါတယ်။
လေတပ်မှာ ကာကွယ်ရေးဦးစီးချုပ်(လေ) ပြီးရင် စစ်ဦးစီးအရာရှိချုပ်က ဒုတိယရာထူးအကြီးဆုံး ဖြစ်ပြီး အရပ်ဖက်ကို ပြောင်းရွေ့ခံရပြီးနောက် အခုလို သံအမတ်ကြီးဖြစ်လာတာဖြစ်ပါတယ်။


