လတ်တလော စစ်အုပ်စု ပြုလုပ်နေတဲ့ ရွေးကောက်ပွဲအလွန်ကာလမှာ မြန်မာ့နိုင်ငံရေးဖြစ်စဉ် ဘယ်လောက်အထိ တိုးတက်ပြောင်းလဲမလဲဆိုတဲ့အပေါ် အာဆီယံအနေနဲ့ စောင့်ကြည့်သွားမယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က ပြောပါတယ်။
မနေ့က ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်တဲ့ အထူးသတင်းစာရှင်းလင်းပွဲရဲ့ ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်ချက်မှာ ဝန်ကြီးချုပ်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာပြုလုပ်တဲ့ အာဆီယံ ခေါင်း ဆောင်တွေ အစည်းအဝေးမှာ မြန်မာ့အရေးဖြေရှင်းဖို့ ဘုံသဘောတူညီချက် ၅ ရပ်ကို သဘောတူနိုင်ခဲ့ပေမယ့် အကောင် အထည်ဖော်မှုအပိုင်း အားနည်းတယ်လို့ဆိုပြီး မြန်မာစစ်ခေါင်းဆောင်နဲ့ နိုင်ငံ ခြားရေးဝန်ကြီးတွေကို အာဆီယံ ထိပ် သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့် မပေးဖို့ ဆုံးဖြတ်ထားပါတယ်။
ဒါကြောင့် စစ်အုပ်စု ပြုလုပ်တဲ့ ရွေး ကောက်ပွဲကိုလည်း အာဆီယံအနေနဲ့ စောင့်ကြည့်နေတာဖြစ်သလို ၊ အားလူံပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းဖော်ဆောင်ဖို့ အာဆီက စစ်ခေါင်းတွေကို တိုက်တွန်းထားပါသေးတယ်။
“အာဆီယံခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးဖြစ်စဥ်အရွေ့အပါအဝင် ဖြစ်ပေါ်တိုးတက်မှုတွေကို သတိထားစောင့်ကြည့်မှာဖြစ်ပါတယ်။ အကဲဖြတ်၊ ဆုံးဖြတ်တာတွေကိုလည်း အဆင့်လိုက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က ပြောပါတယ်။
မြန်မာမှာ အကြမ်းဖက်မှုလျှော့ချရေးကို အာဆီယံအနေနဲ့ အာရုံစိုက်လုပ်ဆောင်နေသလို သဘောထား ကွဲလွဲမှုတွေကို ပိုဆိုးရွားစေတာ ဒါမှမဟုတ် အသိအမှတ်ပြုမှု အဆောတလျင်ပေးတာမျိုး မဖြစ်ဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
အနာဂတ်မှာ အားလုံးပါဝင်ပြီး ယုံကြည်စိတ်ချရတဲ့ လမ်းကြောင်းတစ်ခုပေါ်လာဖို့ ဆက်လက်ဖော် ဆောင်မယ်လို့လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က မြန်မာ့ရွေးကောက်ပွဲအလွန်ကာလမှာ အာဆီယံက လုပ်ဆောင် မယ့်လမ်းစဥ်နဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မလေးရှားဟာ ၂၀၂၅ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတာဖြစ်ပြီး ရက်ပိုင်းအတွင်း ဥက္ကဋ္ဌတာဝန် ပြီးဆုံးတော့မှာဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာက တာဝန်ယူရမှာဖြစ်ပေမဲ့ စစ်အာဏာသိမ်းမှုဖြစ်အပြီး မြန်မာကအခြေအနေတွေကြောင့် ဖိလစ်ပိုင်နိုင်ငံက တာဝန်ပြောင်းယူထားပါတယ်။
ကိုးကား -BBC


