၂၇ ဒီဇင်ဘာ၊၂၀၂၄
စစ်အုပ်စုရဲ့ အကြမ်းဖက်မှုကြောင့် မန္တလေးတိုင်းအတွင်းမှာ ၆ လအတွင်း အရပ်သား ၈၀ ဦး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်မှုအရ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ မန္တလေးတိုင်းအတွင်း စစ်ကောင်စီရဲ့ အကြမ်း ဖက်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၃၄) ဦး နဲ့ အမျိုးသား (၄၆) ဦး စုစုပေါင်း (၈၀) ဦး သေဆုံးခဲ့သည်ကို အမည် နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ထိုအရေအတွက်အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် (၈) ဦး ပါဝင်နေပြီး သေဆုံးသူတွေအနက် (၃၃) ဦးမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး (၂၄) ဦးမှာ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီဇင်ဘာလ ၂၃ ရက်နေ့၊ ညနေ ၆ နာရီခွဲခန့်အချိန်က မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဒေါ့ဘိုးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုရဲ့ တံတားဦးလေတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ကိုအေးထွန်း နဲ့ မစန်းယု တို့ ဇနီးမောင်နှံနှစ်ဦး ဗုံးစထိမှန်ပြီး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ပုံစာ – (မတ္တရာမြို့နယ် ၊ ဝေါစုကျေးရွာရှိ စစ်ရှောင်ပြည်သူများနေထိုင်ရာ ဘုန်းကြီးကျောင်းအား စစ်ကောင်စီမှ လေကြောင်းဖြင့်တိုက်ခိုက်ထားပုံ)
Photo – MDY PDF