Homeပြည်တွင်းသတင်းစစ်အုပ်စုရဲ့ ဝါဒဖြန့် အကောင့် အချို့ နည်းပညာကုမ္ပဏီကြီးတွေရဲ့ ပလက်ဖောင်းပေါ်က ဖယ်ရှားခံရ

စစ်အုပ်စုရဲ့ ဝါဒဖြန့် အကောင့် အချို့ နည်းပညာကုမ္ပဏီကြီးတွေရဲ့ ပလက်ဖောင်းပေါ်က ဖယ်ရှားခံရ

၁၈ ဒီဇင်ဘာ ၂၀၂၅

စစ်အုပ်စုပြန်ကြားရေးဝန်ကြီးဌာနနဲ့ စစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာန တွေက ကြီးကြပ်အသုံးပြုနေတဲ့ ဝါဒဖြန့်ချီရေးအကောင့်တွေကို Twitch၊ Facebook၊ YouTube နှင့် MediaFire တို့က ဖြုတ်ချဖယ်ရှားမှုများ လုပ်ဆောင်လိုက်တာကို ကြိုဆိုတယ်လို့ Justice For Myanmar ကထုတ်ပြန်ပါတယ်။

Justice For Myanmar က နည်းပညာကုမ္ပဏီတွေဆီ စာရေးသားပေးပို့ပြီး အဆိုပါဝါဒဖြန့်အကောင့်တွေ အတွက် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ဆက်လက်ပံ့ပိုးမှုပေးအပ်တဲ့ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ ပြောကြားလိုက်ပြီးနောက် အခုလို သူတို့ရဲ့ပလက်ဖောင်းတွေပေါ်ကနေ ဖယ်ရှားလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

Amazon ပိုင် ဗွီဒီယိုပလပ်ဖောင်း Twitch ကလည်း တိုက်ရိုက်ထုတ်လွှင့်နေတဲ့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြား (MRTV) နဲ့ မြန်မာ့ရေ ဒီယိုလိုင်း ၁၄ ခုကို သူတို့ရဲ့ဝဘ်ဆိုဒ်နဲ့ Google၊ Apple App stores တွေက မိုဘိုင်း Apps တွေကနေ ဖယ်ရှားလိုက်ပါတယ်။

Twitch ဟာ MITV ဝဘ်ဆိုဒ်တွင် တွဲထားတဲ့ MITV တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်မှုကိုလည်း ဖယ်ရှားခဲ့ပါတယ်။

Facebook ကလည်း MITV စာမျက်နှာကို ဖျက်သိမ်းခဲ့ပြီး၊ Alphabet ကပိုင်ဆိုင်တဲ့ YouTube ကလည်း စစ်အုပ်စု ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ အကောင့်တခုကို ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။

Facebook နဲ့ ဖိုင်ထိန်းသိမ်းမျှဝေရာ MediaFire ဝဘ်ဆိုဒ်ကတော့ မြန်မာစစ်တပ်ရဲ့ပြည်သူ့ဆက်ဆံရေးနှင့် ဝါဒဖြန့်ချီရေးဌာနက ကြီးကြပ်ထုတ်ဝေတဲ့ မြဝတီသတင်းစာနဲ့ ဆက်နွှယ်တဲ့ထုတ်ဝေရေးတခု ဖြစ်တဲ့ ရတနာပုံသတင်းစာရဲ့ အကောင့်တွေကို ဖျက်သိမ်းလိုက်ပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဝါဒမှိုင်းဖြန့်ချီရေးက စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးမှာ ဒေါက်တိုင်တစ်ခုဖြစ်ပြီး၊ နည်းပညာကုမ္ပဏီကြီးတွေကြောင့် စစ်အုပ်စုက ဝါဒဖြန်ချီရေးတွေ ဆက်လက်ဖြန့်ဖြူးနိုင်တာဖြစ်ပါတယ်။

လူသားမျိုးနွယ်အပေါ် အဆိုးရွားဆုံးရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ကျူးလွန်နေတဲ့ ရာဇဝတ်စစ်အုပ်စုကို နည်းပညာကုမ္ပဏီတွေက သူတို့ပလက်ဖောင်းတွေ၊ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ ဆက်လက်ပေးအပ်နေတယ်ဆိုတာက လက်ခံနိုင်ဖွယ်မရှိပါဘူး။

စစ်အုပ်စုက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်စစ်ဆင်ရေးကို အရှိန်မြှင့်လုပ် ဆောင်နေချိန်မှာ ဝါဒမှိုင်းဖြန့်ချီနိုင်ဖို့အတွက် ဒီနည်းပညာပလက်ဖောင်းတွေကို အသုံးပြုနေတာပါ။

အဆိုပါကုမ္ပဏီတွေအနေနဲ့ အရေးယူမှုတွေကို အခုကပဲစတင်လုပ်ဆောင်ဖို့နဲ့ မြန်မာစစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေကို ဖျက်သိမ်းပစ်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက လူ့အခွင့်အရေးကို မြှင့်တင်ထိန်းသိမ်းပြီး၊ သုံးစွဲသူတွေကို ကာကွယ်ရာရောက်မှာဖြစ်သလို၊ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို အပြည့်အဝ လိုက်နာရာရောက်မှာလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး