စစ်အုပ်စုက ကြေညာထားတဲ့ ရွေးကောက်ပွဲနဲ့ ဟန်ပြငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တော်လှန်ရေးအင်အားစုတွေက အတူတကွ ရပ်တည်ဆန့်ကျင်ကြဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပူးပေါင်းဖွဲ့စည်းထားတဲ့ တရားမဝင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီ က ဇူလိုင် ၅ ရက်မှာတိုက်တွန်းကြေညာလိုက်ပါတယ်။
“၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ပြည်သူများ၏ ဆန္ဒမပါဝင်ပဲ စစ်အုပ်စုကဖန်တီးလိုက်သော ရွေးကောက်ပွဲဟုခေါ်သည့် လုပ်ငန်းစဉ်သည် ဒီမိုကရေစီစနစ်ကို ချိုးဖောက်ခြင်းသာမက ပြည်သူ့အာဏာကို မတရားရယူရန် ကြိုးပမ်းမှုဖြစ်သည်” လို့ ကော်မတီက ထုတ်ပြန်ပါတယ်။
စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ၊ ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ အာဏာရှင်စနစ်အား တည်မြဲအောင်လုပ်ဆောင်တာဖြစ်တယ်လို့ဆိုပါတယ်။
ဒါကြောင့် တော်လှန်ရေးအဖွဲ့တွေ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် အင်အားစုအားလုံးအနေဲ့ ခိုင်မာပြတ်သားတဲ့ သဘောထားနဲ့ ပူးပေါင်းဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။
ထို့အပြင် စစ်အုပ်စုက မည်သည့်နယ်မြေတွင်မဆို ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြံစည်ပါက လုံးဝ ခွင့်မပြုကြောင်း တနည်းနည်းဖြင့် တရားဝင်ထုတ်ပြန်ကြေညာဖို့ လည်း ဖိတ်ခေါ်အကြောင်းအရာတွင် ပါဝင်ပါတယ်။
အဆိုပါကော်မတီက “တော်လှန်ရေး၏ဘုံရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ထွန်းရေး ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် တပ်ဖွဲ့အသီးသီးအကြား စုစည်းညီညွတ်မှုသည် မဖြစ်မနေလိုအပ်သည်” လို့တိုက်တွန်းထားပါတယ်။


