၂၈ ဒီဇင်ဘာ၊၂၀၂၄
စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတစ်ဝန်းရှိ အရပ်သား ၆၃ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။
AAPPရဲ့ ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၄) ဦး၊ အမျိုးသား (၃၈) ဦး နဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ (၁) ဦး စုစုပေါင်း (၆၃) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါအရေအတွက်အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် (၈) ဦး ပါဝင်သလို သေဆုံးသူတွေအနက် မန္တလေးတိုင်းက (၁၅) ဦးနဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး၊ သေဆုံးရတဲ့ အကြောင်းအရင်းအနေနဲ့ (၂၈) ဦးမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါကာလအတွင်း နိုင်ငံတဝန်း စစ်အုပ်စုက အမျိုးသမီး (၃) ဦး နဲ့ အမျိုးသား (၁၂) ဦး စုစုပေါင်း (၁၅) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းမှာ (၇) ဦးဖြင့်အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ထို့ပြင် ထိုကာလအတွင်း နိုင်ငံတဝန်းရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံ တရားရုံးတွေက မတရား ပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရပြီး လက်ရှိ အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူ အမျိုးသမီး (၁၄) ဦး နဲ့ အမျိုးသား (၅၅) ဦး စုစုပေါင်း (၆၉) ဦး ရှိခဲ့ပြီး စစ်ကိုင်းတိုင်းက (၆၀) ဦးနဲ့ အများဆုံး ထောင်ဒဏ်ချ မှတ်ခံခဲ့ရ တာဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။