Homeပြည်တွင်းသတင်းစစ်အုပ်စုကို Article 33 အရ အရေးယူမှာကို ရုရှား၊ ဘီလာရုစ်၊ လာအို၊ တရုတ်နိုင်ငံ တို့ကန့်ကွက်ခဲ့ကြ

စစ်အုပ်စုကို Article 33 အရ အရေးယူမှာကို ရုရှား၊ ဘီလာရုစ်၊ လာအို၊ တရုတ်နိုင်ငံ တို့ကန့်ကွက်ခဲ့ကြ

ဇွန်၊ ၂၀၂၅

စစ်အုပ်စုကို Article 33 အရ အရေးယူမယ့် ကိစ္စကို ရုရှား၊ ဘီလာရုစ်၊ လာအို၊ တရုတ်နိုင်ငံတို့က ကန့်ကွက်ခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဇွန်လ ၆ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန်လ ၅ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပပြုလုပ်လျက်ရှိတဲ့ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (113th ILC) မှာ ILO က စစ်အုပ်စုကို အခြေခံ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် ILO ရဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ စုရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၈၇)နဲ့ အဓမ္မအလုပ်ခိုင်း စေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၂၉) တို့ကို ကျူးလွန်ချိုးဖောက်မှုတွေကြောင့် Article 33 အရ အရေးယူဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

အခုလို ILO ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူလူထုရဲ့ အောင်ပွဲဖြစ်ပြီး မြန်မာပြည်သူလူထုက နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံရင်ဆိုင်ပြီး စစ်တပ်ရဲ့ သေနတ်ကျည်ဆံတွေ၊ နည်းမျိုးစုံနဲ့ ဖိနှိပ်မှုတွေ၊ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ အရပ်သားပြည်သူလူထုနဲ့ စာသင် ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကလေးငယ်တွေ အပေါ် ဗုံးကြဲတိုက်ခိုက်မှုများကြားထဲက ကြံ့ကြံ့ခံ ရင်ဆိုင် ရရှိခဲ့တဲ့ ပြည်သူ့အောင်ပွဲဖြစ်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

Article 33 ဆုံးဖြတ်ချက်အောင်ပွဲဟာ တကမ္ဘာလုံးမှာ ရှိနေကြတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စုရဲ့ အပေါင်းပါတွေကို လက်နက်ရှိတိုင်း နိုင်ထက်စီးနင်း လုပ်ဆောင်လို့ မရကြောင်းကို သက်သေပြ ခြင်းလည်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

Most read