၁ ဖေဖော်ဝါရီ ၂၀၂၆
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး ဒီနေ့အထိ ၅ နှစ်တာကာလအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၇,၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စုစည်းထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
AAPP ရဲ့ အချက်အလက်အရ သေဆုံးသူစုစုပေါင်း ၇,၇၃၈ ဦးရှိပြီး စစ်အာဏာသိမ်းကာလ ၅ နှစ်အတွင်း ဖမ်းဆီးခံရသူက လူပေါင်း ၃၀,၃၅၇ ဦးအထိ ရှိလာခဲ့ပါတယ်။ ဒီထဲမှာ လူပေါင်း တစ်သောင်းနီးပါး ပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသား ၂၂,၇၆၇ ဦးကတော့ လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲမှာ အာဏာသိမ်းနေ့ကတည်းက ထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့် တို့လည်း ပါဝင်နေပါတယ်။
အာဏာသိမ်း ၅ နှစ်ပြည့်တဲ့ ဒီနေ့မှာ ဗြိတိန် အစိုးရက စစ်တပ်ကို အချက် ၄ ချက် တိုက်တွန်းလိုက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ လူသားချင်းစာနာမှုအကူအညီတွေကို အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုဖို့နဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအပြောင်းအလဲ ဖြစ်လာအောင် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
ဒီအတောအတွင်းမှာပဲ စစ်တပ်က သူ့ရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချလိုက်တယ်လို့ ဝေဖန်ခံနေရတဲ့ ရွေးကောက်ပွဲကို ဒီဇင်ဘာလကုန်ပိုင်းနဲ့ ဇန်နဝါရီလအတွင်း ကျင်းပခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တရားဝင်မှု အပိုင်းတွေကို မေးခွန်းထုတ် ဝေဖန်နေကြပါတယ်။
ဓါတ်ပုံ- Citizen Journalist


