Homeပြည်တွင်းသတင်းစစ်အာဏာသိမ်း ၅ နှစ်အကြာ မြန်မာကလေးထက်ဝက်နီးပါး ပညာသင်ခွင့်ဆုံးရှုံး

စစ်အာဏာသိမ်း ၅ နှစ်အကြာ မြန်မာကလေးထက်ဝက်နီးပါး ပညာသင်ခွင့်ဆုံးရှုံး

၁ ဖေဖော်ဝါရီ ၂၀၂၆

စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ မြန်မာနိုင်ငံအတွင်း လူသားရေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ဆက်လက်ပြင်းထန်လာနေပြီး အထူးသဖြင့် ကလေးသူငယ်များ ပညာသင်ကြားခွင့်ဆုံးရှုံးနေတာဟာ အလွန် စိုးရိမ်စရာ အခြေအနေတစ်ရပ်ဖြစ်လာနေတယ်လို့ ယူကေ နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး Yvette Cooper က ပြောကြားလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကလေးသူငယ်စုစုပေါင်းရဲ့ တစ်ဝက်နီးပါးဟာ ပညာရေးစနစ်ထဲကနေ ထွက်ခွာသွားရပြီး ကျောင်းမတက်နိုင်တော့တဲ့ အခြေအနေမှာ ရောက်ရှိနေပါတယ်။ စစ်ရေးပဋိပက္ခတွေ၊ လုံခြုံရေးမရှိမှုတွေ၊ ဆင်းရဲမွဲတေမှု တိုးလာတာတွေကြောင့် မိသားစုအများစုဟာ ကလေးတွေကို ကျောင်းတက်စေဖို့ မဖြစ်နိုင်တော့ဘူးလို့ ယူကေဘက်က ထောက်ပြပါတယ်။

အထူးသဖြင့် စစ်ဘေးရှောင်ဒေသတွေ၊ ပဋိပက္ခပြင်းထန်နေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ ကျောင်းအများစု ပိတ်ထားရပြီး ကလေးတွေဟာ အလုပ်လုပ်ဖို့၊ အန္တရာယ်ရှိတဲ့ အခြေအနေတွေထဲ ဝင်ရောက်ဖို့ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

ယူကေအစိုးရအနေနဲ့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရကို ဖြုတ်ချခဲ့တာဟာ ပြည်သူ့ဆန္ဒနဲ့ နိုင်ငံရေးလွတ်လပ်ခွင့်တွေကို ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်ဖြစ်ပြီး အဲဒီနောက်ပိုင်း မြန်မာပြည်သူတွေဟာ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေး အခြေခံဝန်ဆောင်မှုတွေကိုပါ တစ်ပြိုင်နက်တည်း ဆုံးရှုံးလာရတာလို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးထုတ်လုပ်မှုနဲ့ အွန်လိုင်းလိမ်လည်မှုတွေ တိုးလာနေတာဟာ ဒေသတွင်းနဲ့ နိုင်ငံတကာအထိ သက်ရောက်မှုရှိလာနေတယ်လို့ ယူကေဘက်က ဆိုပါတယ်။

မကြာသေးခင်က စစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကိုလည်း လွတ်လပ်မှု၊ တရားမျှတမှု မရှိဘဲ ပြည်သူအများစု ပါဝင်နိုင်ခြင်းမရှိတဲ့ ရွေးကောက်ပွဲအဖြစ် ယူကေအစိုးရက သတ်မှတ်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်စေဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို အတားအဆီးမရှိ ဝင်ရောက်ခွင့်ပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်း လွှတ်ပေးဖို့ယူကေက ပြောဆိုထားပါတယ်။

ပုံစာ -စစ်ကောင်စီ လေကြောင်းရန်ကြောင့် KNU နယ်မြေရှိ ကျောင်းသားများ ရာဘာတောအတွင်း စာမေးပွဲဖြေနေစဉ်

ဓါတ်ပုံ – KNU

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး