Homeပြည်တွင်းသတင်းစစ်အာဏာရှင်လက်ထက် အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရတာတွေနဲ့ ကလေးလုပ်သားခိုင်းစေမှုတွေ နေ့စဉ်မြင့်တက်နေ

စစ်အာဏာရှင်လက်ထက် အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရတာတွေနဲ့ ကလေးလုပ်သားခိုင်းစေမှုတွေ နေ့စဉ်မြင့်တက်နေ

၂၅ ဩဂုတ်၂၀၂၅

စစ်အာဏာသိမ်းယူပြီးနောက်ပိုင်းမှာ ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန်တွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာ၊ ကလေးလုပ်သားတွေ ခေါ်ယူစေခိုင်းတာတွေမြင့်တက်နေတယ်လို့ ပြည် တွင်း အလုပ်သမားအသိုင်းအဝိုင်းတွေဆီကနေ သိရပါတယ်။

လက်ရှိပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာတာ၊ လုပ်ခလစာ တိုးမြင့်ပေးတာမျိုးမရှိတာကြောင့် ပြည်တွင်းမှာရှိတဲ့ လုပ်သားတွေဟာ တစ်ရက်လုပ်အားခအပြင် အိုတီကြေးရရှိဖို့ လုပ်ဆောင်နေပေမဲ့ ခေါင်းပုံဖြတ်ခံရတာ၊ မတရားခိုင်းစေတာမျိုးတွေအထိ ကြုံနေရတယ်လို့ လှိုင်သာယာစက်မှုဇုန်က အမည်မဖော်လိုတဲ့ လုပ်သားတဦးက New Day Myanmar ကိုပြောပါတယ်။

“ကုန်ဈေးနှုန်းတွေတက်တော့ ကျွန်တော်တို့ တရက်လုပ်အားခငွေနဲ့ မလောက်တော့ အိုတီကိုမျှော်တယ်။ အိုတီဆင်းရပြန်တော့လည်း ရမယ့်လုပ်အားခအပေါ် နှိမ်ပေးတာတွေရှိတယ်။ အိုတီချိန်မှာလည်း ဘာမှမကျွေးဘဲ တညလုံး နားချိန် နာရီဝက်လောက်ဘဲပေးပြီး မိုးလင်းအထိခိုင်းတယ်။ နောက်ရက်ကျတော့လည်း အနားမပေးဘဲ ထပ်ဆင်းခိုင်းတယ်။ အဲဒီညအိုတီရှိတော့ ထပ်ဆင်း၊ နောက်ရက် ပုံမှန်အတိုင်း ရက်မှန်ဖို့ အလုပ်ပြန်ဝင်၊ ရက်ကြာလာတော့ လူတွေကမခံ‌နိုင်တော့ဘူး။ ကျန်းမာရေးထိလာတယ်။ လကုန်လို့ လစာထွက်ရင် ရက်မမှန်ဘူးဆိုပြီးဖြတ်တာနဲ့ ရသင့်တဲ့ အိုတီကြေးထက် လျော့တွက်ခံရတာနဲ့ ဘာ့ကြောင့်လည်းရှင်းပြန်တော့ စကားပြန်နဲ့ ပိုင်ရှင်အကြားမှာဘဲ တိုင်တွေပတ်ပြီး နောက်လပေါင်းရှင်းမယ်ပြောတယ်။ နောက်လကျ ပြန်တော့လည်း ပါမလာပြန်ဘူး။ ပြောရရင်တော့ကုန်မှာမဟုတ်ဘူး”လို့ သူကရှင်းပြပါတယ်။

လုပ်သားတွေအပေါ် နားလည်ပါးရိုက်ပုံစံတွေလုပ်လာတဲ့အတွက် မခံနိုင်တဲ့အဆုံး ဆန္ဒပြရာမှာ အလုပ်ထုတ်ပယ်ခံတဲ့အထိ အခွင့်အရေးချိုးဖောက်ခံနေတယ်လို့ သူက တဆက်တည်းဆိုပါတယ်။

“ကျွန်တော်တို့ဘက်က ရပ်တည်ပေးမယ့် အလုပ်သမားအဖွဲ့အစည်းတွေကိုလည်းဖမ်းထားတယ်ကြားတယ်။အစိုးရဘက်က အလုပ်သမားအဖွဲ့အစည်းတွေတော့ရှိတယ်။ လာတယ် ရုံးခန်းထဲဝင်ပြီး မန်နေဂျာတွေ ပိုင်ရှင်တွေနဲ့ ဘာပြောကြတယ်မသိ။ ပြီးရင် ပြန်သွားတယ်။အကျိုးအကြောင်း ဘာမှလည်း မရှင်းပြဘူး။ လာတယ်ဆိုတဲ့နာမည်ခံရုံဖြစ်နေတယ်”လို့ သူကဆိုပါတယ်။

စစ်ကော်မရှင် အလုပ်သမားအရေးဆောင်ရွက်ပေးနေသူတွေဟာ စက်ရုံမန်နေဂျာ ပိုင်ရှင်တွေနဲ့ လက်ဝါးချင်းရိုက်ပြီး၊ တံစို့လက်ဆောင်တွေယူကာ အပြန် အလှန် ဖေးမပေးနေကြတာမျိုးတွေရှိနေတယ်လို့ သိရပါတယ်။

အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရတဲ့ လုပ်သားအများစုဟာ ရန်ကုန်တိုင်းအတွင်းက လှိုင်သာယာစက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်က တရုတ်နိုင်ငံသားပိုင်စက်ရုံအများစု ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ-ရွှေပြည်သာစက်မှုဇုန် ၃ တွင် ဖွင့်လှစ်ထားသည့် Wan He Shou Fashion အထည်ချုပ်စက်ရုံ အလုပ်သမားများ စုပေါင်းဆန္ဒပြသည့် မြင်ကွင်း

ဓါတ်ပုံ – STUM

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး