၂၅ အောက်တိုဘာ၊ ၂၀၂၄
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်မှာ ကျရောက်တဲ့ KIO တည်ထောင်ခြင်း ၆၄နှစ်ပြည့် အခမ်း အနားမှာ တော်လှန်ရေးတိုက်ပွဲမှာ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတစ်ရပ်လုံး ပါဝင်ထောက်ခံတာကြောင့် စစ်အာဏာရှင်စနစ် ဧကန်မုချကျရှုံးသွားမှာဖြစ်တယ်လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောဆိုပါတယ်။ ဒီအခမ်းအနားမိန့်ခွန်းကို ကချင်ဘာသာနဲ့ပြောဆိုထားတာ ဖြစ်ပြီး Laiza TV News က ထုတ်လွှင့်ထားတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ လက်တွဲပြီး စစ်အာဏာ ရှင်စနစ်ကို အမြစ်ဖြတ်တော်လှန်နိုင်ဖို့ အခွင့်အခါကောင်းဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
KIO ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ တော်လှန်ရေးမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲသွားဖို့ ဆုံးဖြတ်ချက် ချမှတ်ထားပြီး ဒီဆုံးဖြတ်ချက်အတိုင်း ဆက်ပြီးအကောင်အထည်ဖော်ဆောင် ရွက်သွား မယ်လို့ ဆိုပါတယ်။
ပြည်သူတို့ရဲ့ အကြံပြုချက်အတိုင်း စစ်ကောင်စီရဲ့ဩဇာခံပြီး စစ်ကောင်စီအတွက် စိတ်ရောကိုယ်ပါ အလုပ်လုပ်ပေးနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို စည်းရုံးမှုတွေလုပ်ဆောင်ခဲ့ပြီး တချို့ပြည်သူ့စစ်တွေက ရုတ်သိမ်းသွားပေမယ့် တချို့အဖွဲ့တွေက ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
သိပ်မကြာခင် အချိန်ကာလအတွင်းမှာ ကချင်ပြည်သူ့စစ်အဖွဲ့တွေ ရုတ်သိမ်းပြီး KIO နဲ့ အတူလျှောက်လမ်းကြဖို့ ထပ်မံသတိပေးလိုတယ်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဆိုပါတယ်။
စစ်ရှောင် IDPs တွေ နေရပ်ပြန်၊ ပြန်လည်ထူထောင်ရေး လုပ်နိုင်ဖို့ စီမံကိန်းချမှတ်ထားကြောင်းနဲ့ တချို့တွေ မိမိဒေသမှာ ပြန်နေနိုင်ပြီဖြစ်ကြောင်း၊ တချို့မှာ စစ်ရှောင်စခန်း၊ တချို့မှာ မိမိတို့ ဘေးကင်းလုံခြုံမယ်ထင်တဲ့နေရာတွေမှာ စစ်ရှောင်နေရတယ်လို့ ဗိုလ်ချုပ်ကြီးက ဆိုပါတယ်။
သဘာဝဘေးဒဏ်နဲ့ ကြုံတွေ့နေရတဲ့ပြည်သူတွေကို ကူညီထောက်ပံ့နေတဲ့လူတွေကို ကျေးဇူးတင်စကားဆိုပြီး ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ရဲဘက်တွေကိုလည်း အောင်မြင်မှုတွေကို အသိအမှတ်ပြု ဂုဏ်ပြုချီးကျူးကြောင်း ပြောဆိုပါတယ်။
KIO/KIA အမှုထမ်းတွေအနေနဲ့ စစ်ကောင်စီကို တော်လှန်တဲ့လုပ်ငန်းတွေမှာ အောင်မြင်အောင် အားထုတ်ဖို့နဲ့KIO ဂုဏ်သိက္ခာထိခိုက်မယ့်အလုပ်တွေကို ရှောင်ဖို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။
KIO (Kachin Independence Organization) ကို ၁၉၆၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်မှာ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး တော်လှန်ရေးကို ဦးဆောင်တဲ့ နိုင်ငံရေးဦးဆောင်ပါတီ ဖြစ်ပါတယ်။
KIO ကို ဖွဲ့စည်းပြီးနောက်မှ ၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှာ KIC (Kachin Independence Council) နဲ့ ၁၉၆၁ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA – Kachin Independence Army) ကို ဖွဲ့စည်းတာဖြစ်ပါတယ်။
ပုံစာ – KIO တည်ထောင်ခြင်း ၆၄ နှစ်ပြည့်အခမ်းအနားမိန့်ခွန်းကို ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောကြားစဉ်
Photo – Screengrab from Laiza TV News