Homeပြည်တွင်းသတင်းစစ်အသုံးစရိတ်တိုးဖို့ ပညာရေးအသုံးစရိတ်လျှော့ချရန်ပြင်ဆင်နေ၊ ကျောင်းသုံးစာအုပ် လက်ဆင့်ကမ်းစနစ်ကျင့်သုံးမည်

စစ်အသုံးစရိတ်တိုးဖို့ ပညာရေးအသုံးစရိတ်လျှော့ချရန်ပြင်ဆင်နေ၊ ကျောင်းသုံးစာအုပ် လက်ဆင့်ကမ်းစနစ်ကျင့်သုံးမည်

၅ မတ်၊ ၂၀၂၅

စစ်ရေးဘက်မှာရှုံးနိမ့်နေတဲ့စစ်ကောင်စီအနေနဲ့ စစ်အသုံးစရိတ်တိုးမြှင့်ပြီး ပညာရေးအသုံးစရိတ်လျော့ချရန်ပြင်ဆင်နေပါတယ်။

စစ်ကောင်စီအနေနဲ့ ပညာရေးဘက်ကို အသုံးစရိတ်လျှော့ချဖို့အတွက်အခြေခံပညာအထက်တန်းအဆင့်က ကျောင်းသား၊ ကျောင်းသူများအားလုံး လက်ရှိအသုံးပြုနေတဲ့ ကျောင်းသုံးဖတ်စာအုပ်တွေကို ပညာသင်နှစ်အကုန်မှာ ပြန်အပ်ရန် စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

ပြန်လည်အပ်နှံခြင်းမရှိတဲ့ကျောင်းသား၊ကျောင်းသူတွေကို လာမယ့်ပညာသင်နှစ်မှာ ကျောင်းအပ်ခွင့်ဆုံးရှုံးမှာဖြစ်သလို ဖတ်စာအုပ်တွေစုတ်ပြဲနေပါကလည်း လျော်ပေးရမှာဖြစ်တယ်လို့ ကျောင်းသားမိဘတွေကဆိုပါတယ်။

ယင်းအချက်အလက်တွေကိုကြည့်ပါက စစ်ကောင်စီအနေနဲ့ ပညာရေးအသုံးစရိတ်ကိုလျှော့ချဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

“ဖတ်စာအုပ်တွေကပြန်ပေးရတယ်။ နောက်ပညာသင်နှစ်မှာ ပြန်အသုံးပြုဖို့ဆိုပြီး ပြောတယ်။ ပြန်မအပ်ရင် နောက်ကျောင်းအပ်ရင် ပေးမအပ်ဘူးပြောတယ်။ မဖြစ်မနေ ကျောင်းကိုပြန်အပ်ရတယ်။ စုတ်ပြဲနေလို့လည်းမရဘူး” လို့ ကျောင်းသားမိဘတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

၂၀၂၅-၂၆ စာသင်နှစ်ကပြီး ကျောင်းသုံးဖတ်စာအုပ်ကို လက်ဆင့်ကမ်းစနစ် စတင်ကျင့်သုံးမှာဖြစ်တယ်လို့သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပညာရေးဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုတွေကြောင့် အခြေခံပညာကျောင်းတွေ ပိတ်ခဲ့ရပြီး ၂၀၂၂-၂၃ ပညာသင်နှစ်မှာမှ နိုင်ငံတစ်ဝန်းက ကျောင်းတွေကို ပြန်ဖွင့်နိုင်ခဲ့တာဖြစ်ပါတယ်။

ယခုဘဏ္ဍာနှစ်ရဲ့ ပြည်ထောင်စု စုစုပေါင်းအသုံး စရိတ်ဟာ ကျပ်ဘီလီယံ ၄၀,၀၀၀ ရှိမည်ဟု စစ်ကောင်စီ ရသုံးမှန်းခြေငွေစာရင်းမှာ ဖော်ပြထားပြီး ပညာရေး ဝန်ကြီးဌာနရဲ့ အသုံးစရိတ်ဟာ ၆ ဒသမ ၀၃ ရာခိုင်နှုန်း သာရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်းအချက်အလက်များအရပညာ ရေး၊ကျန်းမာရေးနှင့်ကယ်ဆယ်ရေး ဝန်ကြီးဌာနသုံးခုရဲ့ စာရင်းကိုသာ ဖော်ပြထားပြီး ကာကွယ်ရေးဝန်ကြီးဌာန အပါ အဝင် အခြားဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်ကို ဖော်ပြထားခြင်း မရှိတာကိုတွေ့ရပါတယ်။

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read