Homeပြည်တွင်းသတင်းစစ်အသုံးစရိတ်ငွေလိုအပ်မှုတွေကြောင့် စစ်ကောင်စီက ကိုဗစ်- ၁၉ ချေးငွေမရမက ပြန်တောင်းနေ

စစ်အသုံးစရိတ်ငွေလိုအပ်မှုတွေကြောင့် စစ်ကောင်စီက ကိုဗစ်- ၁၉ ချေးငွေမရမက ပြန်တောင်းနေ

၂၇ ဖေဖော်ဝါရီ၊ ၂၀၂၅

စစ်အသုံးစရိတ်အတွက် လိုအပ်နေတဲ့ငွေကြေးကို စစ်ကောင်စီအနေနဲ့ ယခင် NLD လက်ထက်က ထုတ်ချေးခဲ့တဲ့ ကိုဗစ်- ၁၉ ချေးငွေကို မရမက ပြန်တောင်းနေတယ်လို့ လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ယခင် NLD လက်ထက်က ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ထိခိုက်မှုရှိခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို ထုတ်ချေးပေးခဲ့တဲ့ ချေးငွေများကို ပြန်လည်ပေးဆပ်ရန်နဲ့ ပေးဆပ်ခြင်းမရှိသည့်သူများအား စစ်ကောင်စီ သတင်းစာမှာ ထည့်သွင်းဖော်ပြကြေညာသွားမယ်လို့ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားပါတယ်။

” စီးပွားရေးတွေမှအဆင်မပြေတာ။ ဘယ်လိုပြန်ဆပ်မလဲ။ ပြီးတော့ သူ့လက်ထက်မှာ ဘယ်လိုလုပ်ကိုင် စားသောက်လို့ရမှာလဲ။ ခရီးသွားလုပ်ငန်းဆိုတာ သိတယ့်အတိုင်း ဘယ်ဧည့်သည်လာလို့ ဘယ်ကိုလိုက်ပို့ရမှာလဲ။ အဲဒီတော့ ပြန်မပေးနိုင်ဘူး။ ကြေညာမယ်ဆိုလည်း ကြေညာ‌ပစေတော့” လို့ ကိုဗစ် – ၁၉ ချေးငွေရယူထားတဲ့ ပြည်တွင်းရှိ Travel & Tour မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းတွေကို ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်း ၁ နှစ် (အတိုးနှုန်း ၁ %) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့တဲ့အတွက် ချေးငွေသက်တမ်း ၃ နှစ် ပြည့်မြောက်ကျော်လွန်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းကြောင့် ကုမ္ပဏီ/လုပ်ငန်းတွေအနေနဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ချေးငွေအရင်း နှင့် အတိုးများအား အမြန်ဆုံးပြန်လည်ပေးဆပ်ရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှာ စစ်ကောင်စီသတင်းဌာနကနေ အသိပေးကြေညာခဲ့ပြီး ဖြစ်ပါတယ်။

ကိုဗစ်- ၁၉ ရန်ပုံငွေမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ အတိုး၊ အရင်း လုံးဝ မပေးဆပ်သည့် ကုမ္ပဏီ/ လုပ်ငန်း ၄၈၆ ခုအား ကုမ္ပဏီ/ လုပ်ငန်းအမည်၊ လုပ်ငန်းရှင် အမည်၊ နေရပ်လိပ်စာ အပြည့်အစုံတို့ဖြင့် သတင်းစာမှာ ကြေညာသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

နိုင်ငံအဝန်းတိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီအနေနဲ့ စစ်ရှုံးနေပြီး စစ်ရေးဆိုင်ရာသုံးစွဲရန် ငွေကြေးလို အပ်နေတာဖြစ်တဲ့အတွက် ပြည်ပသွင်းကုန်တွေကိုတောင် တင်သွင်းခွင့် ကန့်သတ်ထားတာ ဖြစ်ပါတယ်။

Photo – MOI

ဆက်စပ် သတင်းများ

Most read