၃၁ ဒီဇင်ဘာ၊ ၂၀၂၄
ထိုင်းဘဏ်အကောင့်တွေကတဆင့် မြန်မာစစ်ကောင်စီက စစ်လက်နက်တွေ ဝယ်ယူနေတယ်ဆိုတဲ့အထောက်အထား မတွေ့ရကြောင်း ထိုင်းအာဏာပိုင်တွေက ပြောဆိုသွားကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။
ဇွန်လထဲမှာ တင်သွင်းခဲ့တဲ့ ကုလအစီရင်ခံစာ “Banking on the Death Trade: How Banks and Governments Enable the Military Junta in Myanmar” ထဲမှာ ဘဏ်တွေ နဲ့ အစိုးရတွေက မြန်မာစစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကတဆင့် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နိုင်အောင် ကူညီပေးနေတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါ။
စစ်ကောင်စီအနေနဲ့ ပြည်ပက လက်နက်နဲ့ ငွေကြေးကို မှီခိုနေရတယ်လို့ ဆိုပါတယ်။ “ထိုင်းနိုင်ငံဟာ နိုင်ငံတကာ ဘဏ်စနစ်ဖြင့် ဝယ်ယူသော စစ်ကောင်စီရဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး အရင်းအမြစ်တွေရဲ့ ထိပ်တန်း အရင်းအမြစ် ဖြစ်လာခဲ့သည်”လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ထိုင်းဘဏ်တွေဟာ မြန်မာစစ်ကောင်စီကို ၂၀၂၃ ခုနှစ်အတွင်းမှာ စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေ ဝယ်ယူဖို့ ကူညီထားကြောင်း ကုလသမဂ္ဂရဲ့ စွပ်စွဲမှုတွေအတွက် ခိုင်လုံတဲ့ အထောက်အထား မတွေ့ရှိရကြောင်း ထိုင်းအာဏာပိုင်တွေက တုံ့ပြန်ပြောဆိုသွားပါတယ်။
ကုလသမဂ္ဂက ဇွန်လမှာ အဲဒီလိုပြောခဲ့တာနဲ့ပတ်သက်လို့ အထူး အစီရင်ခံစာထုတ်ပြန်ခဲ့တဲ့အပေါ်မှာ ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဌာနတို့က ချက်ခြင်း စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ညွန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း ပူးတွဲ ကြေညာခဲ့ပါတယ်။
၆ လကြာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးအစီရင်ခံမှာ ဖော်ပြခံထားရတဲ့ လူပုဂ္ဂိုလ်တချို့နဲ့ ဘဏ်တချို့ကြား ထိတွေ့ ဆက်စပ်မှုတွေ ရှိခဲ့တယ်ဆိုတာကို ထိုင်းအစိုးရက စုံစမ်းတွေ့ရှိရပေမယ့် အဲဒီလို ဆက်ဆံမှုတွေကနေ စစ်လက်နက်ပစ္စည်း ဝယ်ယူခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရဘူးလို့ ဆိုပါတယ်။
မြန်မာစစ်ကောင်စီ လက်နက်တွေဝယ်ယူလို့ရအောင် ကူညီပေးနေတဲ့အထဲ ထိုင်းနိုင်ငံက ဘဏ်တွေဟာ အဓိက အရေးအပါဆုံး ဖြစ်လာနေပြီး ၂၀၂၂ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၆၀ ဖိုး စစ်လက်နက်တွေ ဝယ်ယူဖို့ ကူညီ ဆောင်ရွက်ပေးခဲ့ရာက ၂၀၂၃ ဘဏ္ဍာနှစ်မှာနှစ်ဆတိုးပြီး ဒေါ်လာ သန်း ၁၂၀ အထိ ရှိခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီ