၁၀ နိုဝင်ဘာ၊ ၂၀၂၄
နိုဝင်ဘာ ၈ ရက် ညပိုင်း ၁၁ နာရီခွဲဝန်းကျင်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ၊ အရှေ့ကာလကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုအတွက် အဆောက်အအုံနဲ့ ယာဉ်တွေပါ ထိခိုက်ပျက်စီးခဲ့ပြီး ဒီကျေးရွာကို လာရောက်စစ်ရှောင်နေတဲ့ ဆီဆိုင်ဒေသက အသက်လေးဆယ်ဝန်းကျင် စစ်ရှောင်အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၈ ရက်မှာပဲ ညနေ ၃ နာရီဝန်းကျင်က လွိုင်ကော်မြို့နယ်၊ နိုးကိုးကျေးရွာနဲ့ သရက်ပင်ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်
နိုးကိုးကျေးရွာမှာရှိတဲ့ (၁၀)နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦးသေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေဟာ တိုက်ပွဲဖြစ်နေတဲ့ ဒေါစဲနဲ့ ရေကန်ရွာတွေက နိုးကိုးကျေးရွာကို လာရောက်စစ်ရှောင်နေသူတွေ ဖြစ်ပြီး ရေဘေး၊ စစ်ဘေးရှောင်တွေပဲ ရှိတဲ့ ရွာကို တိုက်ပွဲဖြစ်ပွားတဲ့ဒေသမဟုတ်ဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ နိုးကိုးကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အသက် ၃၀အရွယ် အမျိုးသား ၂ ဦး၊ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၃၁ ရက်မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဗန်းမောက်ရွာက ထွက်ခွာလာတဲ့ စစ်ရှောင်တွေ စီးလာတဲ့ ထော်လာဂျီယာဉ်ကို စစ်ကောင်စီက ဒရုန်းတွေသုံးပြီး ဗုံးသီး ၂လုံးကြဲချတာကြောင့် (၈)နှစ်ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးသုံးဦး သေဆုံးခဲ့ရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးထဲက ၂၀၂၄ အောက်တိုဘာလကုန်အထိ ဖယ်ခုံနဲ့မိုးဗြဲမြို့နယ်တွေအပါအဝင် ကရင်နီပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁,၇၀၀ကျော် ပြုလုပ်ခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားပါတယ်။
ပုံစာ – အရှေ့ကာလကျေးရွာကို ဗုံးကြဲချခံရပြီးနောက် တွေ့ရစဉ်
Photo – ဖယ်ခုံတပ်ခွဲ ၁