တနိုင်ငံလုံးနေရာအနှံ့မှာ စစ်ရှုံးနေပေမယ့် အခုနှစ်သင်္ကြန်ကို စည်ကားအောင်လုပ်ဖို့ အတွက် လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက ဖိအားပေးထားတယ်လို့ New Day Myanmar က စုံစမ်းသိရပါတယ်။
“ကိုယ့်မြို့နယ်အနှံ့စည်ကားအောင်လုပ်ရမယ်ပေါ့၊ ဖိအားပေးတဲ့ သဘောလည်းပါတယ်။”လို့ စစ်ကောင်စီအုပ်ချုပ်ရေးအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
ဒါကြောင့် သင်္ကြန်အတွက် သင်္ကြန်ရေကစားမဏ္ဍပ် ဆောက်လိုသူများရှိပါက စစ်ကောင်စီ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံ စတင်လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ ဖိတ်ခေါ်နေပါတယ်။
မတ်လ (၂၅) ရက်ကနေ ဧပြီလ (၇) ရက်အတွင်း လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
လျှောက်ထားရာမှာလည်း ရေကစားမဏ္ဍပ်အမျိုးအစားအလိုက် ခွဲခြား၍ လျှောက်လွှာပုံစံတွေကို ခရိုင်၊မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ရဲ့ထောက်ခံချက်တွေနဲ့အတူ စည်ပင်၊အင်ဂျင်နီယာဌာန(လမ်းတံတား) ကိုလျှောက်ထားရမှာဖြစ်ပါတယ်။
လျှောက်ထားတဲ့ လျှောက်လွှာတွေအပေါ် မူတည်ပြီး မဏ္ဍပ်နေရာချထားရေးနဲ့ ကြံ့ခိုင်မှုစစ်ဆေးရေးကော်မတီရဲ့ စိစစ်ချက်နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတည်ပြုခွင့်ပြုချက်ရမှသာ ဆောက်လုပ်ခွင့်ရမယ်လို့ သိရပါတယ်။
ပုံစာ – ၂၀၂၅ ခုနှစ်သင်္ကြန်အတွက် ရန်ကုန်မြို့တော် ခန်းမရှေ့မှာ မဏ္ဍပ်ဆောက်နေစဉ်
ဓါတ်ပုံ – New Day Myanmar