၂၆ ဇန်နဝါရီ၊ ၂၀၂၅
စစ်ကောင်စီက စစ်မှုထမ်းနည်းဥပဒေကို ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း သက်ဆိုင်ရာရပ်ကွက်မြို့နယ်တွေမှာ လူစာရင်းတွေစတင်ကောက်ခံနေပြီဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
တချို့သောမြို့နယ်တွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာတော့ စစ်မှုထမ်းဖို့ အမိန့်စာဆင့်ခေါ်ခံရသူတွေ စာရင်းကို အသိပေးကပ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို စစ်ကောင်စီက ဇန်နဝါရီ ၂၃ ရက် နေ့စွဲနဲ့ စစ်ကောင်စီကထုတ်ပြန် ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။
“ဒဂုံဆိပ်ကမ်းမြို့မှာတော့ အုပ်ချုပ်ရေးမှူးရုံးမှာ စာရင်းကပ်ထားတယ်။ အိမ်ကတစ်ယောက်လည်း စာရင်းမှာပါတယ်။ အခုမှတ်ပုံတင်လာသွင်းဖို့ ပြောနေတယ်။ သူကပြည်ပထွက်ပြီးအလုပ်မလို့ ပြင်နေတာ။ အခုတော့ ဘာလုပ်ရမှန်းတောင်မသိတော့ဘူး” ဟု ဒဂုံဆိပ်ကမ်းမြို့တွင်နေထိုင်သူတဦးက New Day Myanmarကို ပြောပါတယ်။
အခုနည်းဥပဒေထဲမှာ ပုဒ်မ – ၅၉ ခုပါဝင်ပြီး ပုဒ်မ – ၅၁ မှာ အမိန့်စာရရှိသူတွေဟာ ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ဖော်ပြထားသလို ပုဒ်မ – ၅၀ မှာလည်း ဆေးစစ်အောင်မြင်ပြီးသူတွေဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခင် ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ပြဋ္ဌာန်းထားပါတယ်။
နည်းဥပဒေအရ စစ်မှုထမ်းရမဲ့ အသက်အရွယ်ရောက်သူအနေနဲ့ မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်ချိန် ပျက်ကွက်ရင် သူ့ရဲ့ မိသားစုပါ စုံစမ်းစစ်ဆေးခံရမှာဖြစ်သလို ပျက်ကွက်သူဟာ အများဆုံးထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းနည်းဥပဒေ မထုတ်ပြန်ခင် လူငယ်အများအပြားကို ပေါ်တာဆွဲပြီး စစ်သားစုဆောင်းရေးတပ်ကို ပို့ဆောင်နေတာပဲဖြစ်ပါတယ်။
ပုံစာ – ဧည့်စာရင်း လိုက်ကောက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ များ
Photo – စစ်ကောင်စီ