၃၀ ဒီဇင်ဘာ၊ ၂၀၂၄
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်တွေကို စစ်ရေးနဲ့ ဖြေရှင်းခြင်းထက် နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ အမြဲတမ်း အသင့်ရှိကြောင်း အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ အာရက္ခဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုတဲ့ ဘယ်လိုနိုင်ငံခြားရင်နှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းတွေ၊ စီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သူတွေရဲ့ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို AA က အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းတွေ ဆက်လက်လည်ပတ်နိုင်ရေးအတွက် မိမိတို့အဖွဲ့ အစည်းက အဆိုပါကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့် အပြင် အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့လိုလားတယ်လို့လည်း ပြောဆိုပါတယ်။
တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ အကြမ်းဖက်မှုများပပျောက်ရေး၊ အွန်လိုင်းလောင်းကစား (ကျားဖျန်) တိုက်ဖျက်ရေး စတဲ့ကဏ္ဍရပ်တွေမှာ AA ဟာ ကိုးကန့်၊ တအာင်း အဖွဲ့အစည်းတွေနဲ့အတူ “ဟိုင်ဂင် သဘောတူညီချက်” ရရှိတဲ့အထိ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အခုလည်း AA အနေနဲ့ မြန်မာနိုင်ငံရဲ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်တွေကို စစ်ရေးနဲ့ ဖြေရှင်းတာထက် နိုင်ငံရေး နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ အမြဲတမ်း အသင့်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။
စစ်ကောင်စီက ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂ ရက်မှာ AA ၊ MNDAA၊ TNLA တို့ကို အကြမ်းဖက်အုပ်စုသတ်မှတ်ကြေညာထားပါတယ်။ ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၁၇ ခုမှာ ၁၄ ခုကို AA က သိမ်းယူထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာ ၂၀ရက် နေ့လည်ပိုင်းမှာ အပြီးသတ်သိမ်းယူထားပါတယ်။
ဓာတ်ပုံ – AA Info Desk