Homeပြည်တွင်းသတင်းစစ်မှုထမ်း ဥပဒေဟာ အငုံ့စိတ်နဲ့ စစ်ကောင်စီ လက်အောက်ခံတွေအတွက် ငွေရှာတဲ့ ဂွင်တခုဖြစ်လာနေ

စစ်မှုထမ်း ဥပဒေဟာ အငုံ့စိတ်နဲ့ စစ်ကောင်စီ လက်အောက်ခံတွေအတွက် ငွေရှာတဲ့ ဂွင်တခုဖြစ်လာနေ

၂၆ ဇန်နဝါရီ၊ ၂၀၂၅

ပြည်ပရောက် လူငယ်တွေ စစ်မှုထမ်းဖို့ ပြန်မလာရင် အိမ်မှာရှိတဲ့ သူတွေကို စစ်မှုထမ်းရမယ်ဆိုပြီး ခြိမ်းခြောက်ငွေတောင်းခံမှုတွေဖြစ်ပွားနေတယ်လိို့ ကိုယ်တိုင်ကြုံတွေ့သူတွေထံက သိရပါတယ်။

ဇန်နဝါရီ ၂၃ ရက်မှာ စစ်ကောင်စီက ထုတ်ပြန် ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေထဲမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေကို ပြည်ပထွက်ခွင့် ပိတ်ပင်လိုက်ပြီး အစိုးရဝန်ထမ်းတွေပါ စစ်မှုထမ်းရမယ် ဆိုတဲ့ ဥပဒေကို ပြဋ္ဌာန်းလိုက်ပါတယ်။

ပြည်သူ့စစ်မှုထမ်း နည်းဥပဒေမှာ ပုဒ်မ – ၅၉ ခု ပါဝင်ပြီး ပုဒ်မ – ၅၀ မှာ စစ်မှုထမ်းဖို့ ဆေးစစ် အောင်မြင်ပြီးသူတွေဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခင် ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိစေရ ဆိုပြီး ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

ပုဒ်မ – ၅၁ မှာလည်း စစ်မှုထမ်းဖို့ အမိန့်စာရရှိသူတွေဟာ ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ဖော်ပြထားပါတယ်။

အဲ့ဒီလို ပြဋ္ဌာန်းပြီးတဲ့ နောက်မှာပဲ ပြည်ပရောက်လူငယ်တွေရှိတဲ့ နေအိမ်တွေကို ခြိမ်းခြောက်ငွေတောင်းခံမှုတွေပြုလုပ်လာတာဖြစ်ပါတယ်။

“မနေ့က စစ်မှုထမ်းဖို့ အိမ်မှာ စာရင်းလာစစ်တယ် သားသ္မီး ဘယ်နှယောက်လည်း မေးတော့ တစ်ယောက်ပဲလို့ အဲဒီတစ်ယောက် ဘယ်မှာလည်းလို့မေးတော့ ပြည်ပမှာလို့ပြောတာကို ဆင့်ခေါ်စာနဲ့ခေါ်ခိုင်းသတဲ့ မဟုတ်ရင် မိသားစု၀င်ထဲက တစ်ယောက်ယောက် စစ်မှုလို့ပြောတယ် အဖိုးက ငါတို့အရွယ်နဲ့ ဘယ်လိုထမ်းရမလည်းပြော ဒါဆို ခြံရှိလားလို့မေးပြန်တယ် မရှိဘူးလို့ဖြေလိုက်တယ် သိန်း တစ်ရာတောင်းတယ် မပေးနိုင်ဘူးလို့ပြောတာ ၅၂ သိန်းယူပီး ကိစ္စပြီးသွားတယ်
အရမ်းရင်နာဖို့ကောင်းတယ်ဗျာ သူတို့လုပ်သမျှခံနေရတာ မနေ့က အိမ်မှာဖြစ်ပျက်သွားတာလေး ရေးပြတာပါ ဘာလို့စစ်မှုထမ်းရမှာလဲ ဒါဟာ ပြည်သူတွေကို အသေသတ်နေတာ စခ၊ရခ တွေက ပြောအုံးမယ် တိုင်းပြည်အတွက် ကာကွယ်တာလို့ ထမ်းခိုင်းစေချင်ရင် ကိုယ့် သားသ္မီးတွေကိုပဲ ထမ်းခိုင်းလေ” လို့ ကိုယ်တိုင်ကြုံတွေခဲ့ရသူ တဦးက ဖေ့ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။

စစ်ကောင်စီ ရဲ့ စစ်မှုထမ်းဥပဒေမှာ အမျိုးသား၊အမျိုးသမီးပါ စစ်မှုထမ်းရမှာ ဖြစ်ပြီး ထွက်ပြေးမယ်ဆိုရင် နေအိမ်မှာ ရှိသူတွေ အဖမ်းခံရမယ်လို့ ပုဒ်မ ၃၃ ပုဒ်မခွဲ (က)နဲ့ (ခ)မှာ ပါရှိပါတယ်။

ပုံစာ – စစ်မှုထမ်းဖို့ အဓမ္မ စုဆောင်းထားတဲ့ တပ်သားသစ်များကိုတွေ့ရစဉ်
Photo – စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်

ဆက်စပ် သတင်းများ

Most read