လာမယ့် ဒီဇင်ဘာလအတွင်း စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ စစ်တပ်က ဗိုလ်ချုပ်ကြီးတချို့ဟာ အငြိမ်းစားယူပြီး ကြံ့ခိုင်ရေးပါတီကနေ ဝင်ရောက်ယှဥ်ပြိုင်သွားကြမှာဖြစ်တယ်လို့ နိုင်ငံရေးပါတီအသိုင်းအဝိုင်းက သိရပါတယ်။
စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်လည်းဖြစ်သလိုလက်ရှိစစ်ကော်မရှင် ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးညိုစောဟာ လာမယ့်ရွေးကောက်ပွဲမှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုပြီး ကိုကိုးကျွန်းမဲဆန္ဒနယ်ကနေဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးဟာလည်း ကြံ့ ခိုင်ရေးပါတီကို ကိုယ်စားပြုပြီး ပြင်ဦးလွင်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းက ဥတ္တရသီရိမဲဆန္ဒနယ်၊ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်က အောင်မြေသာစံမဲဆန္ဒနယ်၊ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်းက မအူပင်မဲဆန္ဒနယ်၊ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်က မကွေးမဲဆန္ဒနယ်၊ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံက စစ်ကိုင်းမဲဆန္ဒနယ်အသီး သီး ဝင်ရောက်ယှဥ်ပြိင်သွားကြမှာလို့ သိရပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်ပိုင်ခေါင်းဆောင်တွေဖြစ်တဲ့ဥက္ကဌ ခင်ရီက ဇေယျာသီရီမဲဆန္ဒနယ်၊ဒုတိယဥက္ကဌမြတ်ဟိန်းက ဒက္ခိဏသီရိမဲဆန္ဒနယ်၊ဒုတိယဥက္ကဌမျိုးဇော်သိမ်းက ပေါက်ခေါင်းမဲဆန္ဒနယ်၊ထွေထွေအတွင်းရေးမှူးသောင်းအေးက ပျော် ဘွယ်မဲဆန္ဒနယ်၊တွဲဘက်အထွေထွေအတွင်းရေးမှူးတင်အောင်ချစ်က အောင်လံမဲဆန္ဒနယ်တို့ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ်ဝင်ရောက်ယှဥ်ပြိုင်ကြမှာလို့ သိရပါတယ်။


