Homeပြည်တွင်းသတင်းစစ်တွေ-ရန်ကုန် လေကြောင်းခရီးစဉ်များ ဇွန်လကုန်ကာနီးအထိ လေယာဉ်လက်မှတ် ဖြတ်မရ

စစ်တွေ-ရန်ကုန် လေကြောင်းခရီးစဉ်များ ဇွန်လကုန်ကာနီးအထိ လေယာဉ်လက်မှတ် ဖြတ်မရ

၄ ဇွန်၊ ၂၀၂၄

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ရန်ကုန်မြို့ကို ပျံသန်းတဲ့လေကြောင်းခရီးစဉ်အားလုံး ဇွန်လကုန်ကာနီးအထိ လေယာဉ်လက်မှတ် ဝယ်ယူလို့မရဘူးလို့ သိရပါတယ်။

ရန်ကုန်က စစ်တွေကို သွားတဲ့ လေကြောင်းခရီးစဉ်မှာတော့ ခုံနေရာတွေကျန်နေသေးပေမယ့် စစ်တွေက ရန်ကုန်ကို ပျံသန်းတဲ့လေကြောင်း ခရီးစဉ်တိုင်းမှာ ခုံနေရာအပြည့် ဖြစ်နေပြီလို့ လေယာဉ်လက်မှတ် ရောင်းချပေးတဲ့ ခရီးသွားလုပ်ငန်းတစ်ခုက ပြောပါတယ်။

“လက်မှတ်ကတော့ ၂၅ အထိ အကုန်ပြည့်နေတယ်။ ၂၅ နောက်ပိုင်းတော့ ရမယ်။ လူကြီး ၃၈၀၀၀၀ ၊ ကလေး ၃၀၂၀၀၀ ပါ” လို့ ခရီးသွားကုမဏီတစ်ခုက New Day Myanmar ကို ပြောပါတယ်။

လက်ရှိမှာ Air KBZ ၊ Mann Yadanarpone Airlines ၊ MNA စတဲ့လေကြောင်းလိုင်းတွေက စစ်တွေ ရန်ကုန်ကို ပြေးဆွဲနေပြီး လေကြောင်းခရီးစဉ် ရပ်ဆိုင်းတာတော့ မရှိသေးဘူးလို့ သိရပါတယ်။

“စစ်တွေကနေ တခြားမြို့တွေကို သွားချင်ရင် လေယာဉ်ခရီးစဉ်ပုံမှန်ရှိတဲ့ ရန်ကုန်မြို့ကိုအရင်သွား၊ အဲ့ဒီ့ကနေ တခြားမြို့တွေကို ကားနဲ့သွားမှ ရမှာ” လို့ သူက ဆက်ပြီးပြောပါတယ်။

စစ်တွေမြို့ကို စစ်ကောင်စီတပ်တွေ ဝိုင်းထားပြီး မြေမြှုပ်မိုင်းတွေ မြို့ပတ်လည်မှာ မြှုပ်ထားတယ်ဆိုတဲ့ သတင်းက ဒေသခံတွေအတွက် စိုးရိမ်မှုပိုပြီး မြင့်တက်စေပါတယ်။

ဧပြီလအတွင်း စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်းဈေးကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တုန်းက တခြားမြို့တွေ ကို စစ်ရှောင်ခဲ့သူတွေက အခြေအနေအေးချမ်းချိန်မှာ နေရပ်ကို ပြန်လာကြပါတယ်။

အခုအခါ AA က စစ်တွေမြို့သိမ်းမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့် စစ်ကောင်စီတပ်ဟာ စစ်တွေမြို့အနီးတဝိုက်က ဗျိုင်းဖြူရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာကြောင့် စစ်တွေမြို့ခံတွေထဲက တတ်နိုင်သူတွေက မြို့ရဲ့တစ်ခုတည်းသောထွက်ပေါက် လေကြောင်းလိုင်းကနေ ရန်ကုန်ကို စစ်ရှောင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

ဇွန်လ ၃ ရက်အထိ ကောက်ယူရရှိတဲ့စာရင်းတွေအရ ဗျိုင်းဖြူရွာမှာ စစ်ကောင်စီ စီးနင်းပြီး ပစ်ခတ် သတ်ဖြတ်မှုကြောင့် သေဆုံးရသူအရေအတွက်ဟာ ၇၆ဦးအထိ ရှိနေပြီဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read