ရခိုင်ပြည်နယ် ၊စစ်တွေ စစ်ဌာနချုပ်ကနေ ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ၅ နှစ်အရွယ်ကလေးငယ် တဦးသေဆုံး သေဆုံးခဲ့ရသလို့ ဖခင်ဖြစ်သူနဲ့ အခြား ဒေသခံတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်တွေမြို့နေ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
အဲဒီပစ်ခတ်တာဟာ မနေ့က မွန်းလွဲပိုင်း၂ နာရီအချိန်ခန့်က စစ်တွေ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကနေ ပေါက်တောမြို့နယ်၊ တောင်ညိုရွာဘက်ကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“သေတာ မိန်းကလေးပါ။ သူအဖေလည်း ဒဏ်ရာအပြင်းအထန်ရသွားတယ်။ ပေါက်တော့မြို့က သူတွေလည်း နောက် ပိုင်းဒီလိုတွေထပ်ဖြစ်လာမှာစိုးလို့ လွတ်တဲ့နေရာရှောင်နေကြတယ်။ အခုတော့ ငြိမ်နေတယ်”လို့ ပေါက်တောမြို့ဒေသခံက New Day Myanmar ကိုပြောပါတယ်။
စစ်တွေမြို့ဟာ စစ်အုပ်စု ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပြီး ပေါက်တောမြို့ဟာ AA ထိန်းချုပ်ထားတဲ့ မြို့ဖြစ်တာကြောင့် ၅ မိုင်သာကွာဝေးတဲ့အခြေအနေအပေါ် စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့အပြင် ပုဏ္ဏားကျွန်းမြို့တွေကို မအာက်တိုဘာ ၂၆ ရက်ကစလို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ သိရပါတယ်။
ဒီလိုပစ်ခတ်ခံနေရတာနဲ့ပတ်သက်လို့ AA ကတော့ သူတို့ထိန်းချုပ်ထားတဲ့မြို့ရွာတွေကို နေ့ညမရွေး စစ်ကောင်စီတပ်က တိုက်ခိုက်နေလို့ လေကြောင်းနဲ့ လက် နက်ကြီး အန္တရာယ်သတိပေးချက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမဖြစ်တဲ့ မြို့ရွာတွေက စာသင်ကျောင်း ၊စျေး ၊ ဆေးရုံ နဲ့ ဘုန်းတော်ကြီးကျောင်းအပါအဝင် လူစုလူဝေးနေရာတွေကို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ AA က ဆိုထားပါတယ်။
ပုံစာ-စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကျည်ကြောင့် ဆုံးပါးသွားတဲ့ကလေးငယ်ကိုတွေ့ရပုံ( Arakan Princess Media)


