စစ်တောင်းမြစ်ရေ ဆက်လက်မြင့်တက် နေတာကြောင့် ပဲခူးတိုင်း တောင်ငူမြို့နဲ့ ပတ်ဝန်းကျင်ကျေး ရွာတွေက ဒေသခံ ၃၀၀၀ ကျော်ဟာ ဒီကနေ့ ဇူလိူင်၂၉ ရက်နံနက်ပိုင်းက စပြီးအရေးပေါ်ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
စစ်တောင်းမြစ်ဟာ တလျှောက်တက်လာတာကြောင့် တောင်ငူမြို့ အမှတ် ၁ ရပ် ကွက်၊ ၈ ရပ်ကွက်၊ ၉ ရပ်ကွက် ၊ အမှတ် ၁၀ ရပ်ကွက်နဲ့ တောင်ငူမြို့နယ်ထဲက သဖမ်းဆိပ်ကျေးရွာအပြင် စစ်တောင်းမြစ်နဲ့နီးတဲ့ ကျေးရွာအချို့မှာ ရေကြီးရေလျှဲဖြစ်ပွားနေတာဖြစ်ပါတယ်။
လက်ရှိမှာ ဒေသခံ ၃၀၀၀ ကျော်ကို လူမှုကူညီရေးအဖွဲ့တွေက ကယ်ဆယ်ရေးစခန်းတွေဆီကို အရေးပေါ်ပြောင်းရွှေ့ပေးနေရပြီး၊ ကယ်ဆယ်ရေးစခန်းကိုရောက်ရှိနေတဲ့သူတွေထဲမှာ သက်ကြီးရွယ်အို၊ နာမကျန်းသူနဲ့ ကလေးတွေပါ ပါလာတဲ့အတွက် အဝတ်အထည်၊ ဆေးဝါးနဲ့ အိပ်ယာခင်းအပြင် စားသောက်ရေးကိစ္စတွေအတွက် အရေးတကြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။
“အခု လောလောဆယ်ကယ်ဆယ်ရေးစခန်း ၄ ခုဖွင့်ထားတယ်ခင်ဗျ။ မလုံ လောက်နိုင်ဘူး၊ ထပ်ဖွင့်ရမယ့်အခြေ အနေရှိပါတယ်။ ဒါက သက်ဆိုင်ရာက စီစဉ်ရမယ့်အပိုင်းဆိုတော့ မသိရသေးဘူး။ အရင် တောင်ငူမှာဖွင့်ထားတဲ့ ကယ် ဆယ်ရေးစခန်းတွေမှာပါလိုအပ်ချက်ကတော့အများကြီးပေါ့ဗျာ”လို့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။”သူက ဆက်ပြောပါတယ်။
ဒါအပြင် စစ်တောင်းမြစ်ရေကြောင့် ပဲခူတိုင်း စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ တောင်ငူ -ထန်းတပင် -မုပ္ပလင်လမ်းပိုင်းက ဒိုးသောင်ချောင်းကူးတံတားဟာ ဒီကနေ့ ဇူလိုင် ၂၉ ရက်နေ့မှာ ကျိုးကျသွားပြီဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
“ဒိုးသောင်ချောင်းကူးတံတားက ရေလည်တိုင်ကနေ ကျွံကြသွားပုံပဲဗျ။ အလယ်ကနေကျွံကျသွားတာ။ ကျန်တာတွေ မသိရသေးဘူး”ဟု တောင်ငူ မြို့က နောက်ထပ်ဒေသခံတစ်ဦးက ဆိုပါတယ်။
လတ်တလော စစ်တောင်းမြစ်ရေဟာတောင်ငူမြို့ စိုးရိမ်ရေမှတ်အထက် ၂ ပေခန့်၊ မဒေါက်မြို့မှာ စိုးရေရေမှတ် အ ထက် ၅ ပေခွဲခန့် ကျော်လွန်တဲ့ အပြင် ထပ်မံမြင့်တက်လာနိုင်တယ်လို့ မိုး ဇ/လ က သတိပေးထားပါတယ်။
ဓာတ်ပုံ- CJ


