Homeပြည်တွင်းသတင်းစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူဦးရေ ၁၅ သန်း ကျော် စားနပ်ရိက္ခာမလုံလောက်မှုရင်ဆိုင်နေရဟု OCHA Myanmar ထုတ်ပြန်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူဦးရေ ၁၅ သန်း ကျော် စားနပ်ရိက္ခာမလုံလောက်မှုရင်ဆိုင်နေရဟု OCHA Myanmar ထုတ်ပြန်

၂၆ ဖေဖော်ဝါရီ၊ ၂၀၂၅

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေးနှစ်အကြာမှာ လူဦးရေ ၁၅ သန်းကျော် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များဖြင့် ဆက်လက်ရုန်းကန်နေရတယ်လို့ OCHA Myanmar ကထုတ်ပြန်ထားပါတယ်။

စစ်အာဏာလွှဲသိမ်းပြီး လေးနှစ်အကြာ မြန်မာနိုင်ငံသည် ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ခန့်မှန်းခြေ ၃ ဒသမ ၅ သန်းကျော် စံချိန်တင်ကာ အရပ်သား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာများမြင့်တက်လာခြင်းတို့နှင့်အတူ ဖြစ်ပွားဆဲ ပဋိပက္ခများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များဖြင့်ဆက်လက်ရုန်းကန်နေရဆဲဖြစ်တယ်လို့ OCHA Myanmar ကဆိုပါတယ်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအများအပြား (အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်း) ၌ စစ်တပ်နှင့် လက်နက်ကိုင် အင်အားစု အမျိုးမျိုး အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။

အရပ်သားများဟာ ကျယ်ပြန့်သည့် ပဋိပက္ခများအပြင် ဘေးအန္တရာယ်များ၊ ရောဂါများ၊ စားနပ်ရိက္ခာမလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးဆုံးရှုံးခြင်းနှင့် အရေးကြီးသော ပြည်သူ့ဝန်ဆောင်မှုများ ပုံမှန်မရရှိခြင်းများ အပါအဝင် အကျပ်အတည်းမျိုးစုံကို တပြိုင်နက်တည်း ရင်ဆိုင်ကြရတဲ့အပြင် အရှိန်မြင့်လာတဲ့ ပဋိပက္ခ၏ ရလာဒ်အဖြစ် မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူ ဦးရေမှာ ထိခိုက်မှု ပြင်းထန်သော အခြားနိုင်ငံများထက် ကျော်လွန်ကာ ကမ္ဘာ့အများဆုံး ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ ပုံမှန်မရချိန်တွင် လူဦးရေ ၁၅ သန်းကျော်သည် စားနပ်ရိက္ခာမလုံလောက်မှုနှင့်ရင်ဆိုင်နေရပြီးသန်းပေါင်းများစွာသောပြည်သူများသည် ဘေးကင်းလုံခြုံသော မှီခိုရာနေရာ သို့မဟုတ် သောက်သုံးရေ မရရှိဘဲ နေထိုင်နေကြရပါတယ်။

OCHA Myanmar အနေနဲ့ရန်ပုံငွေရရှိမှု မလုံလောက်ခြင်းနှင့် အခြားအခက်အခဲများကြားမှပင် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များသည် ၂၀၂၄ ခုနှစ်အတွင်း လူဦးရေ ၄ ဒသမ ၂ သန်းအား အကူအညီပေးနိုင်ခဲ့သလို၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့်တုံ့ပြန်ရေး အစီအစဉ်အရ လူမှုဂရုဏာလုပ်သားများသည် လူဦးရေ ၅ ဒသမ ၅ သန်းကို လူမှုဘ၀ကယ်ဆယ်ရေး အကူအညီများ ပေးနိုင်ရန် ရည်မှန်းထားပြီး ယင်းအတွက် ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ လိုအပ်မယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

Most read