မြန်မာစစ်ခေါင်းဆောင်အနေနဲ့ လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေမှာ ဘက်ပေါင်းစုံက စစ်အနိုင်တိုက်ရေး ချဉ်းကပ်မှုနဲ့ဆက်သွားနေပြီး အကြမ်းဖက်မှုတွေကို မရပ်တန့်နိုင်ဘူး ဆိုရင် ကိုယ့်ကိုယ်ကို ဖျက်ဆီးတဲ့ အခြေစိုက်နိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စ ဂျူလီဘစ်ရှော့က သတိပေး လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အလွတ်သဘောဆွေးနွေးပွဲအတွင်း ၎င်းကပြောဆိုခဲ့တာဖြစ်ပြီး ၄ နှစ်ကျော်ကြာ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ရဲ့ ဗျူဟာကို မေးခွန်းထုတ် လိုတယ်လို့လည်း မစ္စ ဂျူလီက သူ့ရဲ့ မြန်မာ့အရေးတင်ပြချက်မှာ ထည့်ပြောခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးဖို့ ၎င်းက တောင်း ဆိုခဲ့သလို အရေးပါတဲ့ နိုင်ငံ့ ခေါင်းဆောင်တွေကိုအကျဉ်းချထားပြီး နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ ကျော်ရှိ နေတဲ့အချိန် စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ရေးဆိုတာ ဘယ်လိုရှိနိုင်မလဲလို့ ဆွေးနွေးပွဲအတွင်း မေးခွန်းထုတ်ခဲ့တယ်လို့လည်း သိရပါတယ်။
မြန်မာမှာ အရင်ကမကြုံခဲ့ရဖူးတဲ့ တိုင်းပြည်ပြိုကွဲမှုအခြေအနေနဲ့ ကြုံနေရပြီဖြစ်ကြောင်းနဲ့ မြန်မာ့ပဋိပက္ခဟာ ဒေသတွင်းသက်ရောက်မှုမကြီးထွားလာအောင် အာဆီယံနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သုကပြောဆိုထားပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အလွတ်သဘောဆွေးနွေးပွဲ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


