၂၁ ဇန်နဝါရီ၊ ၂၀၂၅
အခုအခါစစ်တပ်ဟာ တိုင်းပြည်ရဲ့ နယ်မြေထဲက ၂၅ ရာခိုင်နှုန်းထက်လျော့နည်းပြီးသာ ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး တစ်နေ့ ကျရင် စစ်အာဏာရှင်စနစ် အဆုံးတိုင်ပျောက်ကွယ်သွားဖို့ မျှော်လင့်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim ကို ဇန်နဝါရီ ၇ ရက်နေ့က ပေးအပ်ခဲ့တဲ့ နှစ်သစ်ကူးသဝဏ်လွှာ ထဲမှာဖော်ပြထားပါတယ်။
ဒီသဝဏ်လွှာမှာ မလေးရှားနိုင်ငံရဲ့ ၂၀၂၅ အာဆီယံ ဥက္ကဌ အဖြစ် သက်တမ်းစတင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ မလေးရှားပြည်သူတွေအတွက် နှစ်သစ်ကူးဆုတောင်းကို ဖော်ပြထားပါတယ်။
သဝဏ်လွှာထဲမှာ မလေးရှား ၊ မြန်မာနှစ်နိုင်ငံကြားက ဆက်ဆံရေးဟာ ခိုင်မြဲအရေးပါပြီး အာဆီယံက တဆင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွလက်တွဲလုပ်ဆောင်လိုကြောင်းလည်း ပြောဆိုထားပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေဟာ အုပ်ချုပ်ရေးနယ်မြေကို ပိုပြီး ကျယ်ပြန့်အောင် လုပ်နေပြီး ဥပဒေအရကော အချက်အလက်အရပါ NUG ဟာ မြန်မာအစိုးရဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လုပ်ဖို့ ရည်ရွယ်ထားတဲ့ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေအောင် ၊ ပဋိပက္ခတွေ ပိုပြီးရှည်ကြာအောင် ၊ အကြမ်းဖက်နှိပ်ကွပ်မှုတွေ ပိုပြီးများလာအောင် စစ်ကောင်စီက ကြံဆောင်နေတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့မတည်ငြိမ်မှုတွေဟာ အိမ်နီးချင်းနိုင်ငံတွေကိုပါ သက်ရောက်စေခဲ့တယ်လို့ ဆိုပါတယ်။
ဒီအချက်တွေကြောင့် အာဆီယံနဲ့ NUG ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ မြန်မာပြည်သူတွေကြား ဆက်ဆံရေး ပိုပြီး ခိုင်မာလာစေခဲ့ပြီး စစ်ကောင်စီက ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုပေးဖို့လည်း ဖော်ပြထားပါတယ်။