စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အဆင့်မြင့် ဗိုလ်ချုပ်တွေကို ဝေဖန်ပြောဆိုနေတဲ့ စစ်တပ်လော်ဘီ ဇော်ဘုန်းဟိန်းကို ပုဒ်မ ၄ခုနဲ့ အလုပ်ကြမ်းနဲ့ ထောင် ဒဏ် ၁၁နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ဇော်ဘုန်းဟိန်းကို ပုဒ်မ ၅၀၅(က)၊ ၆၆ (ဃ)၊ ၃(ခ)(၁၅)၊ ၄၄ တို့နဲ့ ပြင်ဦးလွင်မြို့ နယ်တရားရုံးက ဩဂုတ် ၇ ရက်မှာ အမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်ကနေ စုံစမ်းသိရပါတယ်။
“နောက်ထပ် လော်ဘီတွေ သတိထားပေါ့။ မင်းဘာသာ စစ်တပ်အတွက်ဘယ်လိုဘဲဖားယားနေပါစေ။ မှားတာနဲ့ ဖမ်းမှာဘဲ။ လော်ဘီတွေ ဘောမတွေအတွက် ဒါစံနမူနာဘဲ”လို့ CDM ရှေ့နေတဦးကထောက်ပြပါတယ်။
ဇော်ဘုန်းဟိန်းဟာ လတ်တလော ချမှတ်လိုက်တဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၁ နှစ်အပြင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်ရဲစခန်းမှာ မေ ၈ ရက်က လူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီအထွေထွေအတွင်းရေးမှူး ဒေါ်မိုးမိုးခိုင် တိုင်ကြားဖွင့်လှစ်ထားတဲ့ ပုဒ်မ ၆၆ (ဃ)အမှုကိုလည်း ထပ်မံရင်ဆိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ဇော်ဘုန်းဟိန်းဟာ “ကြိုက်တဲ့အချိန်လာဖမ်း မကြောက်ဘူး အဲဒါ ဇော်ဘုန်းဟိန်းဘဲ”လို့စိန်ခေါ်ခဲ့တဲ့ Live ထုတ်လွှင့်ပြောပြီးနောက်ပိုင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေဟာ သူနေထိုင်ရာ ပြင်ဦးလွင်မြို့နယ်နေအိမ်ကို ဇွန် ၂ ရက်မှာလာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။


