Homeပြည်တွင်းသတင်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ သတင်းမီဒီယာနဲ့ ပြည်သူကို ခြိမ်းခြောက်တာဖြစ်တယ်လို့ IPCM ပြော

စစ်တပ်ရဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ သတင်းမီဒီယာနဲ့ ပြည်သူကို ခြိမ်းခြောက်တာဖြစ်တယ်လို့ IPCM ပြော

ဩဂုတ် ၂၀၂၅

အာဏာသိမ်း စစ်အုပ်စုရဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ပြင်းထန်စွာ တားမြစ်ထားတာဖြစ်တယ်တယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar – IPCM) က ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ အုပ်ချုပ်ရေးအသစ်ကို ထပ်မံဖွဲ့စည်းပြီး ၎င်းတို့ စိတ်တိုင်းကျ ရွေးကောက်ပွဲကိုကျင်းပရန် စီစဉ်တာဟာ မြန်မာ့ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် အကျိုးမရှိဘဲ နိုင်ငံတော်အာဏာကို လွှမ်းမိုးဖို့ နဲ့ စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက်သာ ရည်ရွယ်နေကြောင်း စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဆဌမအကြိမ် ပြင်ဆင်တဲ့ လွှတ်တော်အသီးသီး ရဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေမှာ အထင်အရှားမြင်ရတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီ အာဏာသိမ်း စစ်အုပ်စုက ကြေညာထားတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တို့ကို ပြင်းထန်စွာ တားမြစ်ထားတယ်လို့ IPCM က သုံးသပ်ထားပါတယ်။

စစ်အုပ်စု ဥပဒေအခန်း (၆)မှာ “ရွေးကောက်ပွဲပျက်ပြားရန် ဟောပြောခြင်း၊ စည်းရုံးလှုံ့ဆော် ခြင်း၊ ဆန္ဒပြခြင်းနှင့် စာရေးသားဖြန့်ချိခြင်း မလုပ်ရ”ဟု တားမြစ်ထားပြီး ဖောက်ဖျက်ပါက ငွေဒဏ် နဲ့ ထောင်ဒဏ် ၃နှစ်က ၇နှစ်အထိ ချမှတ်နိုင်ပြီး လူသေဆုံးမှုအထိ ဖြစ်ပွားရင်သေဒဏ်ချမှတ်မယ်လို့ ဖော်ပြထားတာဟာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ထားသလို အများပြည်သူကို ခြိမ်းခြောက်ရာလည်းရောက်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဇူလိုင် ၃၀ရက်မှာ စစ်အုပ်စု အသက်သွင်းခဲ့တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေသည်လည်း မြန်မာ ပြည်သူတို့ရဲ့ဒစ်ဂျစ်တယ်အခွင့်အရေး (Digital Rights) ကိုချိုးဖောက်ခြင်း၊ နိုင်ငံရေးအတိုက်အခံများ ကို စောင့်ကြည့်ထောက်လှမ်းခြင်းနဲ့သတင်းမီဒီယာသမားတွေ၊ တိုင်းရင်းသားပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားဖြန့်ချိခြင်းကို အရေးယူနိုင်ဖို့အတွက် လုပ်ပိုင်ခွင့်ကို ချဲ့ထွင်ထားတဲ့ဥပဒေဖြစ်လို့ IPCM က ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုလက်အောက်ခံ မြန်မာသတင်းမီဒီယာကောင်စီ(MPC) ဟာလည်း စစ်ခေါင်းဆောင် တွေရဲ့ အကျိုးစီးပွားအတွက်သာ ကိုယ်စားပြုလုပ်ဆောင်နေပြီး အကျဉ်းထောင်တွေထဲမှာ မတရား ဖမ်းဆီးခံထားရဆဲဖြစ်တဲ့ မြန်မာသတင်းသမား ၃၇ဦးရဲ့ အကျိုးစီးပွားကိုလည်းကောင်း၊ လွတ်လပ်သော မြန်မာသတင်းမီဒီယာတွေရဲ့ အကျိုးစီးပွားကိုလည်းကောင်း ကိုယ်စားပြုခြင်းနဲ့ လွတ်လပ်လုံခြုံစွာ သတင်းရေးသားထုတ်လုပ်ခြင်းကို ကာကွယ်ပေးခြင်း မရှိတာကြောင့် MPC ရဲ့ မီဒီယာဆိုင်ရာ ချိတ်ဆက်လုပ်ဆောင်မှုတွေနဲ့ အကျိုးဆက်တွေကို IPCM အနေဖြင့် အသိအမှတ်မပြုဘဲ ကန့်ကွက် ရှုတ်ချတယ်လို့ ဖော်ပြပါတယ်။

အထူးသဖြင့် အာဏာသိမ်းစစ်အုပ်စုဟာ ၎င်းတို့ချုပ်ကိုင်ထားတဲ့ မြန်မာသတင်းမီဒီယာ ကောင်စီ (MPC)ကတဆင့် ၎င်းတို့ရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို လွတ်လပ်မျှတနေသယောင် အိမ်နီးချင်းနိုင်ငံတွေရဲ့ သတင်းအဖွဲ့အစည်းတွေ၊ သတင်းမီဒီယာကောင်စီတွေထံ စေလွှတ်ပြီး ကြိုးစားစည်းရုံးနေတာဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်သောသတင်းမီဒီယာတွေ အတွက်အတွက် စိန်ခေါ်မှုကြီးဖြစ်တယ်လို့ ဒေသတွင်းနဲ့ နိုင်ငံတကာရှိ သတင်းမီဒီယာမိတ်ဖက်တွေကို အသိပေးထားပါတယ်။

ပုံစာ – အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကို ယခုနှစ်ကုန်နှင့် ၂၀၂၆ ဇန်နဝါရီအတွင်း ကျင်းပသွားမည်ဟု ပြောဆိုထား

ဓာတ်ပုံ – CINCDS

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး