စစ်တပ်က လုပ်တဲ့ရွေးကောက်ပွဲကို ထောက်ခံတဲ့ သဘောနဲ့ ဝါဒဖြန့်ရိုက်ကူးထားတဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်ကားမှာ ပါဝင်တဲ့သူတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ မြေအောက်တော်လှန်ရေးအဖွဲ့ ၅ ခုက ပူးပေါင်းထုတ်ပြန်လာပါတယ်။
မြေအောက်တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ Yangon Army (YA)၊ Dark Shadow၊ Operation Flame (OF)၊ Mother Son Yangon Force နဲ့ Broken System အဖွဲ့တွေက အောက်တိုဘာ ၂၈ ရက် မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။
ယုံကြည်ချက်ကြောင့် တော်လှန်နေသော လူငယ်ထုကိုစော်ကား ၊ လူထုအရေးတော်ပုံကို ပုံဖျက်ကာ၊ အမှန်တကယ် စစ်ရာဇဝတ်မှုကျူးလွန်နေပြီး ၊ လူထုရဲ့ အသက်အိုးအိမ်ကို မီးရှို့ သတ်ဖြတ်နေတဲ့ စစ်အုပ်စုဘက်ကနေ စစ်ရာဇဝတ်မှုတွေ ထပ်မံကျူးလွန်အောင် ထောက်ခံပြီး အားပေးအားမြောက်ပြုလုပ်၊ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံအားပေးကူညီသူတွေကို ပြင်းပြင်းထန်ထန် စတင် အရေးယူမယ်လို့ ဆိုပါတယ်။
အဲ့ဒီဝါဒဖြန့် ရုပ်ရှင်ထဲမှာ နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ ကြူးလေး၊ မေမြင့်မိုရ်၊ အောင်ခိုင်၊ ငှက်ပျောကြော်၊ အောင်တိုး၊ နိုင်လင်း၊ သွက်လတ်၊ စူပါလင်း ၊ မင်းညို ၊ ဥက္ကာပျံရီ ၊ ရဲရင့် ၊ ရောပျော် ၊ အောင်ဇင်ဖြိုး စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။
လူထု နဲ့ နိုင်ငံတော်အပေါ် ပျက်ရယ်ပြုစော်ကားတဲ့ အညံ့စား၊ အဖျင်းစား ဝါဒဖြန့် အနုပညာရှင်တွေကို Boycott & Social punishment ပြင်းပြင်းထန်ထန် လူမှုရေးပြစ်ဒဏ် ခတ်ကြဖို့ကိုလည်း ရန်ကုန် UG တွေက တိုက်တွန်းထားပါတယ်။
လူထုနှင့်အရေးတော်ပုံကို စော်ကားခဲ့တဲ့ သူတို့ရဲ့ နောက်ဖြစ် လာမယ့် ကိစ္စအရပ်ရပ်််က ပြည်သူလုထု တရားစီရင်ခန်းအဖြစ်သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် စတင် အရေးယူမယ်လို့ ကြေညာထားပါတယ်။


