၃ ဖေဖော်ဝါရီ ၂၀၂၆
စစ်တပ်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးဆောင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) က နိုင်ငံတော်သမ္မတအမည်နဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းရမယ့် ဥပဒေ ကို ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ ပြဌာန်းလိုက်ပါတယ်။
အဲဒီဥပဒေအရ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ငါးဦးထက်မနည်း ပါဝင်အောင် ဖွဲ့စည်းရမှာဖြစ်ပြီး ကောင်စီဝင်တွေကို သမ္မတက ကိုယ်တိုင် ရွေးချယ် သတ်မှတ်ရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဥပဒေထဲမှာတော့ ဒီကောင်စီကို ပြည်ထောင်စုလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်တွေမှာ သမ္မတကို အကြံပေး၊ ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ လက်ရှိအခြေအနေမှာ နိုင်ငံတော်သမ္မတ၊ ကာ/လုံနဲ့ အစိုးရအဖွဲ့အပေါ် အာဏာအပြည့်အဝ ချုပ်ကိုင်ထားသူဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖြစ်နေတဲ့အတွက် ဒီအတိုင်ပင်ခံကောင်စီဟာ စစ်တပ်ရဲ့ အာဏာအောက်မှာသာ လည်ပတ်မယ့် အဖွဲ့အစည်း ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ထောက်ပြကြပါတယ်။
အထူးသဖြင့် လွှတ်တော်မရှိတဲ့အခြေအနေမှာ ဖွဲ့စည်းထားတဲ့ ကာ/လုံအာဏာကို အသုံးပြုပြီး ဥပဒေပြဌာန်းခဲ့တာဖြစ်လို့ ဒီကောင်စီဟာ ပြည်သူ့ကိုယ်စားပြု အဖွဲ့အစည်းမဟုတ်ဘဲ စစ်တပ်ရဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေကို ဥပဒေရေးရာအရ ထောက်ခံပေးဖို့ ဖန်တီးထားတဲ့ ဖွဲ့စည်းပုံတစ်ခုသာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။
နိုင်ငံရေးလေ့လာသူအချို့ကတော့ အာဏာသိမ်းပြီး ငါးနှစ်နီးပါးကြာလာချိန်မှာ စစ်တပ်ဘက်က နိုင်ငံရေးအရ တရားဝင်မှု ရရှိစေဖို့နဲ့ အတုအယောင် နိုင်ငံရေးလုပ်ငန်းစဉ်တွေကို အခြေခံဖို့ ဒီလိုကောင်စီဖွဲ့စည်းလာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။


