စစ်တပ်နဲ့အဆင်ပြေတဲ့ပါတီတွေကိုမဲထည့်ကြဖို့ စစ်ကောင်စီနဲ့ပနံသင့်တဲ့ ကြံခိုင်ရေးပါတီဥက္ကဋ္ဌ ခင်ရီက ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာလ ၂၇ ရက်နေ့ ပုသိမ်မြို့မှာလုပ်တဲ့ မဲဆွယ်ပွဲမှာ ခင်ရီက အခုလိုပြောဆိုပြီး မဲဆွယ်ခဲ့တာလည်း ဖြစ်ပါတယ်။
“အစိုးရသစ်က တပ်မတော်နဲ့ ကျောချင်းကပ်၊ ရင်ချင်းကပ် မဆောင်ရွက်နိုင်ဘူးဆိုရင် သေချာတယ် ဒီအစိုးရ နောက်နေ့ ပြုတ်ကျမှာ။ ဒါကို စံထားပြီးရွေးရမယ်။ တိုင်းပြည်ပြန်လည် ထူထောင်ရေးမှာ အတွေ့အကြုံရှိသော အဖွဲ့အစည်းမျိုး၊ လူပုဂ္ဂိုလ်မျိုးအရေးကြီးတယ်။ ထူထောင်နိုင်တဲ့ စွမ်းရည်ရှိတဲ့ လူမျိုး၊ လုပ်ဖူးကိုင်ဖူးတဲ့လူမျိုးလိုတယ်” လို့ ခင်ရီက ပြောဆိုခဲ့တာပါ။
ပိုမိုခိုင်မာ ပြည်မြန်မာဆိုတဲ့ ဆောင်ပုဒ်နဲ့ မဲဆွယ်နေတဲ့ ကြံ့ခိုင်ရေးပါတီဟာ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ သူ့တို့ပါတီကိုပဲ မဲပေးဖို့အတွက် ပြောဆိုခဲ့သလို စစ်ခေါင်ဆောင်မင်းအောင်လှိုင်ကလည်း ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁ ရက်နေ့က ပြင်ဦးလွင်မှာရှိတဲ့ ဝန်ထမ်းတွေနဲ့ တွေ့ဆုံတုန်းက ရွေး ကောက်ပွဲမှာ စစ်တပ်နဲ့ သဟာဇာတဖြစ်တဲ့ သူတွေကိုပဲ ရွေးချယ်မဲပေးဖို့ ပြောင်ပြောင်တင်းတင်းပြောဆို မဲဆွယ်ပေးခဲ့ပါသေးတယ်။
စစ်ကောင်စီက ဦးစီးပြီး လုပ်ဆောင်နေတဲ့ရွေးကောက်ပွဲမှာ မင်းအောင်လှိုင်ရဲ့ အစီစဥ်နဲ့ စစ်တပ်ကအရာရှိတော်တော်များများကို ပါတီထဲအရပ်ဝတ်နဲ့ ကိုယ်စား လှယ်လာင်းအဖြစ်ထည့်ပေးထားပြီး သူတို့ပဲ အာဏာပြန်ရအောင်လုပ်နေသလို မင်းအောင်လှိုင်အမြင်မကြည်တဲ့သူတွေ ၊ ပါတီတွေဟာလည်း ရွေးကောက်ပွဲမဝင်နိုင်ဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။


