စစ်တပ်ထောက်ခံသူအဖြစ် လူသိများသူ ဇော်ဘုန်းဟိန်းကို ဇွန် ၂ ရက်နေ့လယ်ပိုင်းမှာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ သူ့နေအိမ်ကနေ စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)က ကိုင်တွယ်စစ်ဆေးနေတယ်လို့ စစ်တပ်လော်ဘီတွေက ပြောနေကြပါတယ်။
ဇော်ဘုန်းဟိန်းကို ဖမ်းဆီးရတဲ့ အကြောင်းရင်းကတော့ လူမှုကွန်ရက်ပေါ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်တပ်ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာဟု ဆိုထားပါတယ်။
ဇော်ဘုန်းဟိန်းက လူမှုကွန်ရက်မှာ “အဘ ကာချုပ်ကြီး လိမ်ခံနေရတယ်… တာဝန်ယူမှ စစ်သားကောင်းဖြစ်မှာ” စတဲ့ စကားတွေနဲ့ ရုပ်သံဖိုင်တင်ပြခဲ့ပြီး၊ အဲ့ဒီဝေဖန်မှုကြောင့် တရားစွဲခံထားရတယ်လို့ ဆိုပါတယ်။
မေလ ၅ ရက်နေ့ကတော့ ရန်ကုန်တိုင်း ဒဂုံမြို့သစ်က ရဲစခန်းတစ်ခုမှာ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ နဲ့ စစ်တပ်ထောက်ခံသူတဦးက တရားမှုဖွင့်ခဲ့ကြောင်းလည်း သူရဲ့ ပြောဆိုချက်အရ သိရပါတယ်။
အခုချိန်အထိ စစ်ကောင်စီက ဇော်ဘုန်းဟိန်း ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ချက်မရှိသေးပါဘူး။