၁၁ နိုဝင်ဘာ၊၂၀၂၄
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သရော်ခဲ့စာရေးခဲ့တဲ့ ငါးမင်းဆွေကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေမှုနဲ့ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ စစ်ကောင်စီက နိုဝင်ဘာလ ၁၀ ရက်နေ့က သတင်းထုတ် ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း ကျိုက်ထိုရဲစခန်းက ငါးမင်းဆွေကို လာရောက်ခေါ်ယူသွားခြင်းဖြစ်ပြီး ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ရဲစခန်းမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့အမှုဖွင့်ထားကြောင်း ငါးမင်းဆွေက ကိုယ်တိုင် Live လွှင့်ပြောဆိုထားပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်သော ငါးမင်းဆွေ Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာနေ ငါးမင်းဆွေ(ခ) ဦးမင်းဆွေကို နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် လှိုင်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူဆောင်ထားတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
ငါးမင်းဆွေ(ခ)ဦးမင်းဆွေဆိုသူဟာ အဖမ်းမခံရမီ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “ချစ်လှစွာသော မြန်မာများ အေး ချမ်းကြပါစေ၊ ကျွန်တော် ငါးမင်းဆွေပါ၊ PDF များနှင့်တွေ့ဆုံညှိနှိုင်းပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းစေရမည်၊ ပုံ/ဗိုလ်ချုပ်မှူးကြီး ငါးမင်းဆွေ” လို့ ရေးသားခဲ့တဲ့အပြင် “စစ်ဗိုလ်ချုပ်မှူးကြီးတဲ့ သူ့လက်ထက်အောင် ပွဲရတဲ့စစ်ပွဲ တစ်ပွဲမှ မရှိဘူး” “အစ် ကိုလှိုင်က နိုင်ငံအတွက် ဝင်ငွေ ဘက်ဂျက်တိုးအောင် စီးပွားရေးတော့လုပ်တတ်ပါတယ်။ တစ်သောင်းတန်တွေရိုက်ထုတ်ပြီးတော့” “ကိုရည်မွန်က တဖြည်းဖြည်းနဲ့ နေပြည်တော်ကို ရောက်လာတော့မယ် အစ်ကိုလှိုင်”၊ “အစ်ကိုလှိုင်က တရုတ်က ပြန် လာရင်တော့ တစ်ကယ်ကြမ်းတော့မှာလို့ ယူဆမိပါတယ် ” စတဲ့ ပို့စ်များကို ရေးသားဖော်ပြထားတာတွေ့ရပါတယ်။
Photo – ငါးမင်းဆွေ (facebook)