၂၃ နိုဝင်ဘာ၊၂၀၂၄
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှကောက်ယူထားတဲ့ သတင်းအချက် အလက်တွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ သေဆုံးသူ အမျိုးသမီး (၈) ဦးနဲ့ အမျိုးသား (၁၀၀) ဦး၊ စုစုပေါင်း (၁၀၈) ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့မှာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်းမှာ ဦးစိန်လင်း (ခ) အငယ်လေးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အကြမ်းဖက်မှုတိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ၅၁ (ဂ) ဖြင့်ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
၎င်းဟာ အကျဉ်းထောင်တွင်း ချုပ်နှောင်ခံထားရစဉ် လုံလောက်တဲ့ ဆေးဝါးကုသမှုမရခဲ့တာကြောင့် အသည်း ရောဂါနဲ့ သွေးအန်တဲ့အထိခံစားခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းအချိန်မှာ အိုးဘို(မန္တလေး) အကျဉ်းထောင်မှ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကုသပြီးနောက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၊ ညနေ ၅ နာရီကျော်ခန့်အချိန်တွင် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း မန္တလေးအိုးဘိုထောင်မှာ ဖမ်းဆီးအကျဉ်းချထားတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့သလို နိုဝင်ဘာ ၈ ရက်နေ့ကလည်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဦးဝင်းခိုင်လည်း ဆေးကုသနေရင်း ကွယ်လွန်ခဲ့တယ်လို့ လည်းထုတ်ပြန်ထားပါတယ်။
အဏာသိမ်းကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်းမှာ (၅၉၈၂) ဦး ရှိခဲ့ပြီဖြစ်ပြီး မတရားအာဏာလုမှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၇၀၂) ဦးရှိပြီး ထိုအထဲမှ (၂၁၁၄၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၃၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံ ထားရဆဲ့ဖြစ်တယ်လို့ AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။