၁၅ မတ်၊၂၀၂၅
စစ်တပ်အနေနဲ့ အကျဉ်းထောင်တွေအတွင်းမှာရှိတဲ့ ရာဇဝတ်အကျဉ်းသားတွေကို လက်နက်တပ်ဆင်ပြီး အ တင်းအဓမ္မ စစ်မှုထမ်းခိုင်းတာတွေလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မတ်လ ၁၄ ရက် မနေ့က ထုတ်ပြန်အသိပေးထားပါတယ်။
ဒီလို အကျဉ်းသားတွေကို လက်နက်ကိုင်ခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး PPNM အနေနဲ့ အချိန်များစွာရယူပြီး စုံစမ်းအတည်ပြုနိုင်ခဲ့ကာ ရာဇဝတ်သားတွေကို လက်နက်တပ်ဆင်ပေးပြီး ကင်းစောင့်တာအပါအဝင် စစ်သားတွေနဲ့အတူ ခုခံတိုက်ခိုက်ဖို့ အမိန့်ပေးထားတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် မိုးညှင်းအကျဉ်းထောင်မှာ ထောင်လုံခြုံရေးအတွက် ရာဇဝတ်အကျဉ်းသားတွေ လက်နက်ပေး ကိုင်ပြီး လုံခြုံရေးစောင့်ခိုင်းတာနဲ့ ဗန်းမော်ထောင်ကို တော်လှန်ရေးတပ်တွေ လာရောက်တိုက်ခိုက်တဲ့အခါမှာ ခုခံကာကွယ်တဲ့နေရာမှာ ရာဇဝတ်အကျဉ်းသားတွေကို လက်နက်ပေးကိုင်ပြီး ခုခံစစ်တွေမှာ အသုံးပြုတာတွေကို အတည်ပြုထားနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် လွိုင်ကော်ထောင် တိုက်ခိုက်ခံရချိန်မှာလဲ စစ်စည်းကမ်း၊ ရဲစည်းကမ်းတွေနဲ့ ထောင်ကျနေတဲ့ စစ်သားနဲ့ ရဲတွေကို လက်နက်တပ်ဆင်ပြီး ပါဝင်တိုက်ခိုက်ပါက ကျခံနေရတဲ့ ပြစ်ဒဏ်တွေကို ဖျက်သိမ်းပြီး ယာယီမူလ ရာထူး ပေးကာ ပြန်အသုံးပြုခဲ့တယ်လို့ ရေးသားထားပါတယ်။
အခုလို အကျဉ်းသားတွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာနဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြစ်ဒဏ်လွတ်ငြိမ်းမှုရဖို့ စစ်တပ်မှာ တာဝန်ထမ်းဆောင်စေတာဟာ တရားမဝင်လုပ်ရပ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီက တရားမဝင်လုပ်ရပ်တွေကို ပေါ်ပေါ်တင်တင် ကျူးလွန်ပြီး အင်အားဖြည့်တင်းလာတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်တယ်လို့လဲ PPNM က ထုတ်ပြန်အသိပေးထားပါတယ်။
Photo – social media