Homeပြည်တွင်းသတင်းစစ်တပ်က နောင်ချိုမြိုနယ်အတွင်းက ရှဲဆန်သတ္တုကုမ္မဏီကို လေကြောင်းနဲ့ ပေါင် (၅ဝဝ)ဗုံး (၂)လုံး လာ ရောက်ကြဲချ

စစ်တပ်က နောင်ချိုမြိုနယ်အတွင်းက ရှဲဆန်သတ္တုကုမ္မဏီကို လေကြောင်းနဲ့ ပေါင် (၅ဝဝ)ဗုံး (၂)လုံး လာ ရောက်ကြဲချ

မေ ၂၁ ၊၂၀၂၅

TNLA ထိန်းချုပ်နယ်မြေ နောင်ချိုမြိုနယ်အတွင်းမှာရှိတဲ့ ရှဲဆန်သတ္တုကုမ္မဏီကို အပစ်ရပ်ထားတဲ့ စစ်ကောင် စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျက်ဖိုက်တာနဲ့ မေလ ၁၁ ရက်နေ့က ပေါင် (၅ဝဝ)ဗုံး (၂)လုံး လာရောက်ကြဲချခဲ့တယ်လို့ TNLA က ထုတ်ပြန် အသိပေးထားပါတယ်။

တိုက်ခိုက်ခံရမှုအတွင်း ကုမ္မဏီမှာအသုံးပြုနေတဲ့ ဘတ်ဖိုး (၁)စီး၊ သတ္တုထုတ်စက် (၁)လုံး၊ စက်ပစ္စည်းတွေ ထားရှိတဲ့ဂိုဒေါင် (၁)လုံး နဲ့ အခြားသောပစ္စည်းများစွာ ထိမှန်ပျက်စီးခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး တရုတ်ငွေ (၁၆၈ဝဝဝဝ)ယွမ် ပျက်စီးဆုံးရှုးသွားခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အလားတူ မေလ (၁၈)ရက် ညနေ (၅း၃ဝ)နာရီအချိန်ကလည်း စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နောင်ချို မြိုနယ်၊ ဒိုးပင်ကျေးရွာအုပ်စု၊ ရတနာသင်္ဂီကျေးရွာအနီးကို ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅ဝ)ဗုံး (၆)လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

စစ်တပ်က မေလ (၆)ရက်မှ (၃၁)ရက်ထိအပစ်ခတ်ရပ်စဲရေးကာလ ထပ်မံတိုးထားပေမယ့် PSLF/TNLA အုပ်ချုပ်သောမြိုနယ်တွေကို မြေပြင်ထိုးစစ်ဆင်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြင်း ၊ဒရုန်း ၊ လေကြောင်းနဲ့ နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-PSLF/TNLA

ဆက်စပ် သတင်းများ

Most read