ကျိုက်ထိုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ၂ ရွာကို စစ်တပ်က တရက်တည်းမှာ လက်နက်ကြီးနဲ့ ၁၀ ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်လ်ယူ ဗဟိုက ဒီကနေ့ ဇွန် ၁၆ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဟာ ဇွန် ၁၄ ရက်က ဖြစ်ပြီး၊ အဲဒီနေ့ မနက် ၁၀နာရီ အချိန်မှာ ဇီးကုန်းရွာထဲကို ၁၂၀-မမ ၈ကြိမ် ပစ်ခတ်ခဲ့ရာ ၂ လုံး ကျရောက်ပေါက်ကွဲပြီး ရွာနေ အသက် ၅၃ နှစ်အရွယ် ဒေါ်အေးဆန်းဆိုသူ ထိမှန်ဒဏ်ရာရရှိခဲ့သလို ဦးဖိုးပိန်နဲ့ ဦးကိုဦးဆိုသူနေအိမ်တို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနေ့ ညနေ ၅ နာရီအချိန်မှာလည်း အလူးကြီးရွာထဲကို ၁၂၀-မမနဲ့ နှစ်ကြိမ် ထပ်မံပစ်ခတ်ခဲ့ရာ မှာတစ်လုံး ကျရောက်ပေါက်ကွဲပြီး အသက် ၃၀ အရွယ် မဝါဝါဦး ဆိုသူ အမျိုးသမီး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
ဒီပစ်ခတ်မှုတွေဟာ စစ်ကောင်စီတပ်အမှတ်-(၄၄) ခြေမြန်တပ်မဌာနချုပ် နဲ့ လက်အောက်ခံ (ခမရ-၃) တပ်စခန်းတို့ကနေ ပစ်ခတ်ခဲ့တာလို့ ဆိုထားပါတယ်။
ဒါအပြင် ရှေ့ရက်ပိုင်းများအတွင်းမှာလည်း ကျိုက်ထိုမြို့မှာ အခြေစိုက်တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ် (တပ်မ-၄၄)၊ ၎င်းရဲ့လက် အောက်ခံ တပ်ရင်းစခန်းများက ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုရှိရာ နေရာတွေကို မကြာခဏလက် နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ စစ်ကြောင်းထိုးဝင်ရောက်တာတွေရှိနေပြီး ဒေသခံအရပ်သားများအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ သိရပါတယ်။
ပုံစာ − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးရမှု များ
ဓါတ်ပုံ – KNU