Homeပြည်တွင်းသတင်းစစ်တပ်က စီးနင်းသတ်ဖြတ်ခံရတဲ့ သတင်းထောက်နှစ်ဦးအတွက် အမြန်ဆုံး စစ်ဆေးဖို့ အာဏာသိမ်း စစ်ကောင်စီကို သတင်းထောက်များကာကွယ်စောင့်ရှောက်ရေးကော်မတီက တောင်းဆို

စစ်တပ်က စီးနင်းသတ်ဖြတ်ခံရတဲ့ သတင်းထောက်နှစ်ဦးအတွက် အမြန်ဆုံး စစ်ဆေးဖို့ အာဏာသိမ်း စစ်ကောင်စီကို သတင်းထောက်များကာကွယ်စောင့်ရှောက်ရေးကော်မတီက တောင်းဆို

၂၄ ဩဂုတ်၊ ၂၀၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းတိုက်ခိုက်ပြီး သတ်ဖြတ်ခံလိုက်ရတဲ့ သတင်းထောက်နှစ်ဦးအတွက် အမြန်ဆုံးစစ်ဆေးအရေးယူဖို့ အာဏာသိမ်း စစ်ကောင်စီကို နယူးယောက် အခြေစိုက် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (The Committee to Protect Journalists)က ဩဂုတ်လ ၂၄ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

“ဝင်းထွဋ်ဦးနဲ့ ထက်မြက်သူတို့လို သတင်းထောက်တွေကို သတ်ဖြတ်တာဟာ မီဒီယာလွတ်လပ်ခွင့်ကို ဆန့်ကျင်နေပြီး အပြစ်မပေးလို့ မရပါဘူး။ သတင်းတင်ပြရုံနဲ့ အသတ်ခံနေရတဲ့ သတင်းထောက်တွေအတွက် မြန်မာအာဏာသိမ်းစစ်ကောင်စီအနေနဲ့ တရားမျှတမှုရှိအောင် အမြန်ဆုံး လုပ်ဆောင်ရပါမယ်” လို့ CPJက အရှေ့တောင်အာရှ အကြီးတန်းကိုယ်စားလှယ် Shawn Crispn က ပြောဆိုပါတယ်။

DVB သတင်းထောက် ကိုဝင်းထွဋ်ဦးနဲ့ သံလွင်တိုင်းမ်စ်သတင်းဌာနက အလွတ်တန်းသတင်းထောက် ကိုထက်မြက်သူတို့ရဲ့ ရုပ်အလောင်းတွေကို အခုချိန်ထိ မိသားစုဝင်တွေဆီ ပြန်အပ်ခြင်းမရှိသေးဘူးလို့ RFA သတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။

ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူတို့ကို စစ်ကောင်စီတပ်သားတွေက ဩဂုတ်လ ၂၁ ရက်မနက် ၉ နာရီဝန်းကျင်မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာက ကိုထက်မြတ်သူရဲ့ နေအိမ်ကို ဝင်ရောက် စီးနင်းပြီး ပစ်ခတ် သတ်ဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က KRF တပ်ဖွဲ့ဝင်တွေလို့ ကြေညာခဲ့ပေမဲ့ သူတို့နှစ်ဦးလုံးဟာ ဘယ်လက်နက်ကိုင်တပ်ဖွဲ့နဲ့မှ ပတ်သတ်ခြင်းမရှိဘူးလို့ သိရပါတယ်။ KRF ကလည်း သတင်းထောက်နှစ်ဦး သတ်ဖြတ်ခံရခြင်းအတွက် ဝမ်းနည်းကြောင်းနဲ့ သူတို့နှစ်ဦးဟာ KRF တပ်နဲ့ ပတ်သတ်ခြင်းမရှိကြောင်း အတည်ပြုပြောကြားပါတယ်။

သတင်းထောက်နှစ်ဦးပစ်ခတ်သတ်ဖြတ်ခံရတဲ့အပေါ် လွတ်လပ်သောမြန်မာသတင်းစာဆရာများ အစည်းအရုံး(IMJA)ကလည်း ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပြီး သတင်းမီဒီယာသမားတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတစ်ခုအနေဖြင့် မှတ်တမ်းတင်ထားရှိမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းနောက်ပိုင်း ဒီနေ့အထိ သတင်းသမား ၇ ယောက်ကို သတ်ဖြတ်ခဲ့ပြီး သတင်းသမား ၁၇၇ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

CPJ ရဲ့ နောက်ဆုံးထုတ် Global Impunity Index မှာ မြန်မာနိုင်ငံက ဂျာနယ်လစ်တွေကို သတ်ဖြတ်ပြီး အရေးယူမခံရတဲ့ အဆင့် ၉ ရရှိထားပြီး သတင်းထောက်တွေကို အကျဉ်းချ ဖမ်းဆီးတဲ့ အဆိုးရွားဆုံး နိုင်ငံအဆင့်မှာ ဒုတိယနေရာက ရပ်တည်နေပါတယ်။

photo-CJ

ဆက်စပ် သတင်းများ

Most read