စစ်တပ်ကို အပြီးသတ် အနိုင်ယူနိုင်ဖို့ဆိုတဲ့ အချက်အပြင် ပြည်သူ့ခုခံတော်လှန်စစ်ရဲ့ စစ်ရေးအောင်ပွဲတွေဆက်ပြီးရရှိနေစေဖို့ မနေ့ ဩဂုတ်၂၈ ရက်မှာတပ်မှူးကြီးတွေ အစည်းအဝေးကို ကျင်းပခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကအသိပေးထုတ်ပြန်ပါတယ်။
ဒါအပြင် ပြည်သူ့ကာကွယ်ရေးတပ်မ တော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို အမိန့်ပေးကွပ်ကဲမှု ကောင်းမွန်ပြီး ကျင့်ဝတ်လိုက်နာတဲ့တပ်မတော်တရပ်အဖြစ် စနစ်တကျဆက်လက်တည် ဆောက်ရေးတွေကိုပါ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ် ရေးတပ်မတော်ရဲ့ တပ်မှူးကြီးများအ စည်းအဝေး ၁/၂၀၂၅ ကို သြဂုတ်၂၃ ရက်ကနေ၂၅ ရက်အထိ သုံးရက်ကြာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်ရဲ့ကွပ်ကဲမှု အောက်မှာရှိတဲ့ တိုင်းစစ်ဌာန ၁၀ ခုရဲ့ စစ်ရေးသုံးသပ်ချက်စာတမ်းတွေတင်သွင်းခဲ့ကြသလို လက်ရှိတော်လှန်ရေးအခြေအနေအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြကာ ပြည်သူ့ကာကွယ်ရေးတပ်မ တော်ရဲ့ရှေ့လုပ်ငန်းစဉ်တွေကိုလည်းဖော် ထုတ်ချမှတ်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ် ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဖွဲ့စည်းထားတဲ့ စစ်ဌာနတွေဟာ စစ်ကိုင်းတိုင်းစစ်ဌာန၊ မန္တလေး တိုင်းစစ်ဌာန၊ မကွေးတိုင်းစစ်ဌာန၊ ရှမ်းတောင်-ကယား(ကရင်နီ)တိုင်းစစ်ဌာန၊ နေပြည်တော်တိုင်းစစ်ဌာန၊ပဲခူးတိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာန၊ ဧရာဝတီတိုင်းစစ်ဌာန၊တနင်္သာရီတိုင်းစစ်ဌာနနဲ့ အထူးတိုင်းစစ်ဌာနတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပုံစာ – ဓာတ်ပုံ- နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ နယ်မြေကွင်းဆင်းခဲ့စဉ်။ (ပုံအဟောင်း)
ဓာတ်ပုံ- NUG


