၃ ဖေဖော်ဝါရီ ၂၀၂၆
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ပတ်သက်တဲ့ သတင်းဓာတ်ပုံတွေ၊ လှုပ်ရှားမှုသတင်းတွေကို စစ်တပ်ထိန်းချုပ်ထားတဲ့ ဝါဒဖြန့်သတင်းစာမျက်နာတွေမှာ မဖော်ပြတော့တာ ခုနှစ်ရက်ဆက်တိုက်ရှိလာပြီ ဖြစ်တယ်လို့ စောင့်ကြည့်လေ့လာမှုတွေက ပြသပါတယ်။
အခုလို လူမြင်ကွင်းကနေ မင်းအောင်လှိုင် ပျောက်ကွယ်နေတာကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်က မန္တလေးနန်းတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ ချိတ်ဆက်သုံးသပ်မှုတွေ လူမှုကွန်ရက်စာမျက်နာတွေမှာ ထွက်ပေါ်နေပါတယ်။
အဲဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) က သူတို့ လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ဆိုထားပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
စစ်တပ်ဝါဒဖြန့် သတင်းစာတွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဘ်ဆိုက်စာမျက်နာတွေမှာ မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး နောက်ဆုံးဖော်ပြထားတဲ့သတင်းက ဇန်နဝါရီ ၂၇ ရက်နေ့မှာ “(၅၄) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မိန့်ခွန်းပြောခဲ့တဲ့ သတင်းဖြစ်ပြီး အဲဒီအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်က ရန်ကုန်မြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၂ ရက်နေ့က ဗလာဒီမီယာ ပူတင် ရဲ့ အနီးကပ်ယုံကြည်ရသူဖြစ်တဲ့ Sergei Shoigu ဦးဆောင်တဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို ရောက်ရှိလာချိန်မှာလည်း မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းမဖော်ပြဘဲ ဦးတင်အောင်စန်းနဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့နဲ့ တွေ့ဆုံခဲ့တဲ့ သတင်းကိုသာ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
ရုရှားနိုင်ငံဟာ အာဏာသိမ်းစစ်တပ်ကို ထောက်ခံနေတဲ့ နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံဖြစ်ပြီး စစ်ခေါင်းဆောင်အပေါ် ဩဇာသက်ရောက်မှုကြီးမားတာကြောင့် ရုရှားကိုယ်စားလှယ်အဖွဲ့နဲ့ မင်းအောင်လှိုင် မတွေ့ဆုံခဲ့တာအပေါ် မေးခွန်းထုတ်မှုတွေ ပိုမိုများပြားလာနေပါတယ်။
လက်ရှိမှာ မင်းအောင်လှိုင် လူမြင်ကွင်းကနေ ပျောက်ကွယ်နေမှုကို အတုယောင်ရွေးကောက်ပွဲ နောက်ဆက်တွဲ အခြေအနေတွေနဲ့ ချိတ်ဆက်သုံးသပ်မှုတွေရှိသလို မန္တလေးနန်းတွင်း တိုက်ခိုက်ခံရမှုနဲ့လည်း ဆက်စပ်ပြောဆိုမှုတွေ ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပါတယ်။
အလားတူဖြစ်ရပ်အဖြစ် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၁ ရက်နောက်ပိုင်းကာလမှာလည်း မင်းအောင်လှိုင်ဟာ လူမြင်ကွင်းကနေ တစ်ပတ်ကျော်ကြာ ပျောက်ကွယ်ခဲ့ဖူးကြောင်း မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။


