၁၄ ဖေဖော်ဝါရီ၊ ၂၀၂၅
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအဝင် စစ်ဗိုလ်ချုပ်နဲ့ အရာရှိ ၂၃ ဦးကို အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့က တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း Burma Rohingya Organization in UK(BROUK)က ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို စီစဉ်ညွှန်ကြားတာနဲ့ ကျူးလွန်ရာမှာပါဝင်ခဲ့သူတွေကို အပြည်ပြည်ဆိုင်ရာဖမ်းဝရမ်းထုတ်လိုက်တာဟာ တရားမျှတမှုသမိုင်းမှတ်တိုင်တစ်ခုပဲလို့ BROUK ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒီအမှုကို ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomás Ojea Quintana ရဲ့ တရားဝင်ကိုယ်စားလှယ်ဦးထွန်းခင် နဲ့ မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) တို့က အမှုဖွင့်ခဲ့တာဖြစ်ပြီး တရားရုံးရဲ့ စုံစမ်းစစ်ဆေးမှုတွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM)က ပံ့ပိုးပေးခဲ့ပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်က မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ကို တရားလိုရှေ့နေ Karim Khan က တင်ပြတောင်းဆိုခဲ့ပါတယ်။ အခုလို အာဂျင်တီးနားက ဖမ်းဝရမ်းထုတ်တာဟာ ICC က ဖမ်းဝရမ်း ထုတ်ပေးရေးတောင်းဆိုမှုအတွက် အားဖြည့်လိုက်တာဖြစ်တယ်လို့ BROUK က ပြောဆိုလိုက်ပါတယ်။