Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် နိုဝင်ဘာလအတွင်း တရုတ်ကို သွားမယ်လို့ သတင်းတွေထွက်ပေါ်

စစ်ခေါင်းဆောင် မင်းအောင်လှိုင် နိုဝင်ဘာလအတွင်း တရုတ်ကို သွားမယ်လို့ သတင်းတွေထွက်ပေါ်

၁၇ အောက်တိုဘာ၊ ၂၀၂၄

မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း ခိုင်မာတဲ့ စစ်ရေးသတင်းရင်းမြစ်က ရရှိထားတယ်လို့ အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။ ဒီခရီးစဉ်ဟာ ၂၀၂၁ အာဏာသိမ်းမှုအပြီး တရုတ်နိုင်ငံကို သွားတဲ့ ပထမဆုံး ခရီးစဉ် ဖြစ်လာမှာပါ။

“စစ်ခေါင်းဆောင်က တရုတ်ကို နိုဝင်ဘာလထဲ သွားဖို့ စီစဉ်နေပါတယ်၊ ဒီခရီးစဉ်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာပြည်ကို လာပြီးကတည်းက စီစဉ်ထားကြတာပါ” လို့ စစ်ရေးသတင်းရင်းမြစ်က အောက်တိုဘာ ၁၆ ရက်မှာထုတ်ပြောလိုက်ပါတယ်။

အေအက်ဖ်ပီရဲ့ ဖော်ပြချက်အရ မြန်မာစစ်ရေးသတင်းရင်းမြစ် ၂ နေရာလုံးဆီက စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ တရုတ်ပြည်ကို နိုဝင်ဘာလအတွင်း သွားရောက်မယ်လို့ ပြောဆိုကြတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက မင်းအောင်လှိုင်ရဲ့ခရီးစဉ်နဲ့ပတ်သတ်ပြီး ဘာသတင်းအချက်အလက်မှ ဖြေဖို့ ရရှိမထားဘူးလို့ ဆိုပါတယ်။ မင်းအောင်လှိုင်အနေနဲ့ အာဏာသိမ်းပြီး ၂၀၂၂ မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့တွေ့ဆုံတဲ့ခရီးစဉ်အပါအဝင် ရုရှားကို သွားရောက်တဲ့ ခရီးစဉ်တွေ ရှိခဲ့ပေမယ့် တရုတ်နိုင်ငံကို သွားရောက်ခဲ့တာမျိုး မရှိသေးပါဘူး။

NLD တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဆက်ဆံရေးတာဝန်ခံ ဦးဘိုဘိုဦး ကတော့ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ဟာ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

“တရားဝင် ဘာမှထုတ်ပြန်မှုမရှိသေးပါဘူး၊ ကျွန်တော်က သူသွားမယ်မထင်ပါဘူး။ တွေ့ဆုံဆွေးနွေးရေးကိုရှောင်ချင်တဲ့သူ့စိတ်ကြောင့်ပါ။ တရုတ်က တွေ့ဆုံဆွေးနွေးရေးကိုအဓိကပြောနေတာပါ။ သူတရုတ်ကိုမုန်းတာ သိသာပါတယ်။ သူအရမ်းလမ်းလွဲနေတာကိုတရုတ်ဖက်ကတည့်ပေးချင်ပုံရပါတယ်။ လို့ ဦးဘိုဘိုဦး က New Day Myanmar ကိုပြောပါတယ်။

ဒါ့အပြင် သူက တရုတ်နိုင်ငံခြား​ရေး ပြောရေးဆိုခွင့်ရှိသူရဲ့ မင်းအောင်လှိုင်ရဲ့ခရီးစဉ်နဲ့ပတ်သတ်ပြီး အချက်အလက်မရှိဘူးလို့ ပြောခဲ့တာကိုလည်း ထောက်ပြပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်အပြီးမှာ အကြမ်းဖက်စစ်ကောင်စီအတွက် တရုတ်အစိုးရဟာ အကြီးမားဆုံး မဟာမိတ် ဖြစ်လာပါတယ်။ တရုတ်အစိုးရဟာ ကျားဖြန့်လုပ်ငန်းတွေမှာ မြန်မာစစ်တပ်က ပါဝင်ပတ်သတ်နေတာကြောင့် ၂၀၂၃ ခုနှစ်မှာ မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံရေး လျှော့ချခဲ့ပါတယ်။ တရုတ်မြန်မာနယ်စပ်က လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ တရုတ်အာဏာပိုင်တွေကြားမှာ ဆက်သွယ်မှုတွေရှိနေပြီး မကြာသေးခင်က ဝ တပ်နဲ့ တရုတ်အာဏာပိုင်တွေ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးမှတ်တမ်းတွေ ထွက်ပေါ်ထားပါတယ်။

ဩဂုတ်လမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ မြန်မာနိုင်ငံကို ရောက်ရှိလာတုန်းက မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမေရိကန်၊ ဩစတြေးလျ အပါအဝင် နိုင်ငံတကာအစိုးရတွေနဲ့ အာဆီယံအဖွဲ့အစည်းကတော့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးပြီး ပြည်သူအားလုံးသဘောတူပါဝင်နိုင်တဲ့ ရွေးကောက်ပွဲပြုလုပ်ဖို့အတွက် စစ်ကောင်စီကို တွန်းအားပေးနေကြပါတယ်။

ပုံစာ – ၂၀၂၄ ခုနှစ် တရုတ်နှစ်သစ်ကူးမှာ တွေ့ရတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်
Photo – SCMP

ဆက်စပ် သတင်းများ

Most read