Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၅ ရွေးကောက်ပွဲမှာ မဲမသမာမှု မရှိခဲ့ဘူလို့ပြော

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၅ ရွေးကောက်ပွဲမှာ မဲမသမာမှု မရှိခဲ့ဘူလို့ပြော

၄ ဖေဖော်ဝါရီ ၂၀၂၆

စစ်ခေါင်းဆောင် မင်းအောင်လှိုင် က သူတို့ ဦးဆောင်ကျင်းပခဲ့တဲ့ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး သမာသမတ်ကျစွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းက နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ နည်းပြအရာရှိကြီးများနဲ့ သင်တန်းသားအရာရှိကြီးများကို Video Conferencing နဲ့ အမှာစကားပြောကြားရာမှာ အဲ့ဒီလိုပြောလိုက်တာပါ။

၂၀၂၅ ရွေးကောက်ပွဲကို မြန်မာ အီလက်ထရောနစ် မဲပေးစနစ် (MEVM) စက်များနဲ့ ဆောင်ရွက်ခဲ့ပြီး ကြိုတင်မဲပေးမှုတွေကိုလည်း စနစ်တကျ ဆောင်ရွက်ခဲ့တာကြောင့် မဲမသမာမှု မဖြစ်နိုင်ဘူးလို့ သူကပြောပါတယ်။

ရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်ကစပြီး အပိုင်းသုံးပိုင်းခွဲ ကျင်းပခဲ့တာဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းအနက် ၁၃ ဒသမ ၁၃ သန်း လာရောက်မဲပေးခဲ့ကာ မဲပေးမှုနှုန်း ၅၄ ဒသမ ၂၂ ရာခိုင်နှုန်း ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

ရွေးကောက်ပွဲမှာ ပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ဝင်ပြိုင်ခဲ့တဲ့ ပါတီ ၆ ပါတီရှိခဲ့တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲရလဒ်အရ စစ်တပ်လက်ဝေခံပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) က မဲအများဆုံး ၄၄ ဒသမ ၁၉ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

မင်းအောင်လှိုင်က ယခင်က မဲစာရင်းမှားယွင်းမှုတွေကို အကြောင်းပြပြီး ရွေးကောက်ခံအစိုးရဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထံက အာဏာသိမ်းယူခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်ကျင်းပတဲ့ ၂၀၂၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ နဲ့ အာဆီယံ တို့က အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားကြပြီး နိုင်ငံတဝန်း အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာ၊ အခြေခံလွတ်လပ်ခွင့်တွေ ကန့်သတ်ခံနေရတာ၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုတွေရှိနေတာနဲ့ အဓိက နိုင်ငံရေးအင်အားစုတွေ ဖယ်ထုတ်ခံထားရတာတွေကြောင့် လွတ်လပ်ပြီး ယုံကြည်ရတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ဝေဖန်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး