၄ နိုဝင်ဘာ၊ ၂၀၂၄
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ တရုတ်နိုင်ငံကို နိုဝင်ဘာလ ၅ ရက်မှ ၉ ရက်နေ့အထိ သွားရောက်မယ့် အကြောင်းကို စစ်ကောင်စီက နိုဝင်ဘာလ ၄ ရက်နေ့မှာ အတည်ပြု သတင်းထုတ်ပြန်ပါတယ်။
အစောပိုင်းထဲက စစ်ခေါင်းဆောင် နိုဝင်ဘာလ ၅ ရက်က ၁၀ရက်အထိ တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး တရုတ် ဝန်ကြီးချုပ် လီချန်းနဲ့လည်း တွေ့ဆုံဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြကြပေမယ့် ဒီနေ့ နိုဝင်ဘာ ၄ ရက်မှ စစ်ကောင်စီ သတင်းမှန် ပြန်ကြားရေးအဖွဲ့က အတည်ပြု ထုတ်ပြန်တာ ဖြစ်ပါတယ်။
အခုတရုတ်ခရီးစဉ်ဟာ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို သွားရောက်တာ ဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နဲ့ ၇ ရက်မှာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ကျင်းပ ပြုလုပ်မယ့် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ ဧရာဝတီ – ကျောက်ဖရား – မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာအစည်းအဝေး နဲ့ ကမ္ဘောဒီးယား – လာအို – မြန်မာ – ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးတွေကို သွားရောက်တက်ရောက်မှာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးကာလမှာ အင်ဒိုနီးရှားနိုင်ငံနဲ့ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ဒါဟာ တတိယခရီးစဉ် ဖြစ်ပါတယ်။ သုံးနှစ်တစ်ကြိမ် ပြုလုပ်တဲ့ မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို ဂျီအမ်အက်စ် အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ ထိုင်း နိုင်ငံတွေက အစိုးရအဖွဲ့အကြီးအကဲတွေ တက်ရောက်မှာ ဖြစ်ပါတယ်။
ပုံစာ – စစ်ခေါင်းဆောင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မင်းအောင်လှိုင် နေပြည်တော်မှာ တွေ့ဆုံစဉ် (ပုံဟောင်း)
Photo – စစ်ကောင်စီ