Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ရန်ကုန်မှာ ရုံးထိုင်မည်

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရန်ကုန်မှာ ရုံးထိုင်မည်

၂၀ ဧပြီ၊ ၂၀၂၅

ငလျင်ကြောင့် ပြိုကျသွားတဲ့ စစ်ကောင်စီ ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကို ရန်ကုန်ကိုရွှေ့ပြောင်းနေပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း ရန်ကုန်မှာပဲ ရုံးထိုင်ဖို့ ရှိတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ဟာ ၇၀ ရာခိုင်နှုန်းနီးပါး ပျက်စီးခဲ့တာဖြစ်တဲ့အတွက် ရန်ကုန်ကိုပြောင်းရွှေ့ဖို့ လုပ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ကာကွယ်ရေးဝန်ကြီးဌာနနဲ့အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကိုပါ ရွှေ့ပြောင်းနေပြီဖြစ်တယ်လို့ သိရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနကို အရှေ့ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ရှစ်မိုင်စစ်ရုံးမှာ ယာယီ ရုံးစိုက်သွားမှာ ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကိုတော့ အနောက်ပိုင်းခရိုင်မှာရှိတဲ့ ဝန်ကြီးဌာန(ရန်ကုန်ရုံးခွဲ)မှာ ပြန်ပြီးအခြေခြမှာဖြစ်ပါတယ်။

“စစ်ရုံးဆိုရင် အကုန်ဖြိုချမှရမယ်။ ဘယ်လိုမှ ရုံးတတ်လို့မရဘူး။ အခုရန်ကုန်ကိုရွှေ့နေပြီ။ သင်္ကြန်ပြီးရင် ရုံးတွေပြန်တတ်ဖို့ စီစဉ်နေတာ”လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က New Day Myanmar ကိုပြောပါတယ်။

မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းစစ်ကိုင်းငလျင်ဒဏ်ကို နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီး ခြောက်ခုက အဆိုးရွားဆုံးခံခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်မှာတော့ ဝန်ကြီးဌာနတွေနဲ့ ဝန်ထမ်းအိမ်ရာတွေအများဆုံးပြိုကျပျက်စီးခဲ့တာဖြစ်ပါတယ်။

ဓါတ်ပုံ – EPA

ဆက်စပ် သတင်းများ

Most read