၁၂ ဒီဇင်ဘာ၊ ၂၀၂၄
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထွက်လာရင် ဗြိတိန်နဲ့ ICC အဖွဲ့ဝင်နိုင်ငံတွေက ဖမ်းဆီးပေးဖို့ ဗြိတိန်လွှတ်တော်အမတ် ၆ ဦးက ဒီဇင်ဘာ ၉ ရက်က ဗြိတိန်အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းထားပါတယ်။
နိုင်ငံတကာဥပဒေချိုးဖောက်မှု၊ စစ်ရာဇ၀တ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတို့ ကျူးလွန်ထားတဲ့စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားတဲ့ ICC ရှေ့နေချုပ်ရဲ့လုပ်ဆောင်မှုကို ထောက်ခံကြောင်း ဗြိတိန်အမျိုးသားလွှတ်တော်က ကြိုဆိုကြောင်း တရားဝင် ထုတ်ပြန်ထားပါတယ်။
၂၀၁၇ မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေ ဖျက်ဆီးမီးရှို့တာ၊ အစုလိုက်အပြုံလိုက်မုဒိန်းကျင့်တာ၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာတွေ လုပ်ခဲ့တာကြောင့် ရိုဟင်ဂျာ ထောင်ပေါင်းများစွာသေဆုံးပြီး ၇ သိန်းဝန်းကျင်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။
ဒါကြောင့် ယူကေအပါအဝင် ICC အဖွဲ့ဝင် နိုင်ငံအားလုံးဟာ သူတို့ရဲ့နယ်မြေထဲကို စစ်ခေါင်းဆောင် ဝင်ရောက်လာရင် ဖမ်းဆီးပေးဖို့ တာဝန်ရှိကြောင်း၊ ဖမ်းဝရမ်းမှန်သမျှ လိုက်နာဖို့၊ မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုဘူးဆိုတဲ့ မူဝါဒကို အဆုံးသတ်ဖို့ ဗြိတိန်လွှတ်တော်အမတ်တွေက ဒီဇင်ဘာ ၉ ရက်က တောင်းဆိုခဲ့ပါတယ်။
ဒီအဆိုကို ဗြိတိန် လွှတ်တော်အမတ် ၆ ဦးဖြစ်တဲ့ လွှတ်တော်အမတ် Shockat Adam ၊ Ayoub Khan၊ Jeremy Corbyn၊ Iqbal Mohamed၊ Jim Shannon နဲ့ Brendan O’Hara တို့က လက်မှတ်ရေးထိုးပြီး အဆိုတင်သွင်းလိုက်တာ ဖြစ်ပါတယ်။
Photo – စစ်ကောင်စီ